ာရန်ကုန်၊ မေ(၄)
ပြည်တွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေ အကာကွယ်ပေးရေးအပါအဝင် ရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းတွေ ဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ တရုတ်အနေနဲ့ မြန်မာနိုင်ငံ တည် ငြိမ်ရေးအတွက် ဝင်ရောက်စေ့စပ်ကြိုးပမ်းတာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။
တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်သူ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နဲ့ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနဲ့ ဧပြီ ၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင် ရွက်နေတဲ့ အခြေအနေတွေအပါအဝင် နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေတွေကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံတော်ကောင်စီဝင် ချင်ကန်းဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာ ဝန်ထမ်းဆောင်ပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တာဖြစ်သလို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့လည်း တွေ့ဆုံခဲ့တာပါ။
ဒီခရီးစဉ်မှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေတဲ့အပြင် တရုတ်အနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်ကနေ ရပ်တည်နေမှုကို ပြသတာဖြစ်တယ်လို့ ချင်ကန်းကပြောဆိုကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်လာပါတယ်။
တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကတော့ တရုတ်အနေနဲ့ သူတို့ရဲ့ စီးပွားရေးအ တွက် မြန်မာနိုင်ငံတည်ငြိမ်ရေး ကြားဝင်ကြိုးပမ်းတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း နိုင်ငံရေးထွက်ပေါက်အတွက် အပေါ်ယံဟန်ပြလုပ်နေတာလို့ သုံးသပ်တာပါ။
“သူတို့ရဲ့ စီးပွားရေးတွေ အကာအကွယ်ပေးဖို့ သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ ဗမာပြည်တတ်နိုင်သမျှ တည်ငြိမ်ရေးအတွက် ဝင်ပြီးကြိုးပမ်းတာ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်မို့ စစ်တပ်ဘက်ကလည်း သူ့အတွက် နိုင်ငံရေးထွက်ပေါက်ပိတ်သလို ဖြစ်နေတော့ သူကလည်း တစ်စုံ တစ်ရာ အပေါ်ယံလှုပ်ရှားမှုလေးတွေ၊ အပေါ်ယံလုပ်ဟန်လေးတွေ လုပ်ပြဖို့လိုတာကိုး။ ဒါကြောင့်မို့လို့ နှစ်ဖက်လိုအပ်မှုအရ တွေ့ကြတာနဲ့ တူပါတယ်”လို့ သူက ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းကတော့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပ ဒေနဲ့ ဥပဒေဘောင်အောက်မှာ ကွဲလွဲမှုတွေကို ကောင်းမွန်စွာဖြေရှင်းပြီး အမျိုးသားပြန်လည်သင့် မြတ်ရေး ကြိုးပမ်းမှုတွေကို ထောက်ခံတယ်လို့ ပြောဆိုခဲ့ကြောင်း China Global TV Network (CGTN) က ဖော်ပြပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားပြီး ငြိမ်း ချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်သွားသင့်တယ်လို့ သူကဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့အကျိုးပြုစီမံကိန်းတွေကို ဖော်ဆောင်သွားမှာဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းတွေ အရှိန် အဟုန်မြှင့် တွန်းအားပေးသွားမယ်လို့ ချင်ကန်းက ပြောဆိုထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ တရုတ်အနေနဲ့ မြန်မာ့အရေး စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းဆီရောက်ဖို့ ကြိုးပမ်းနေတာမဟုတ်ဘဲ အကျိုးစီးပွားတွေ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီနဲ့တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်တော့မယ့် သဘောလို့ သုံးသပ်ပါတယ်။
“ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ရေးဆွေးနွေးပွဲ စားပွဲဝိုင်းဆီရောက်ဖို့ တကယ်က ကြိုးပမ်းအားထုတ်နေတာ မဟုတ်ပါဘူး။ သူ့ရဲ့ မြန်မာပြည်မှာရှိနေတဲ့ အကျိုးစီးပွားတွေ ထိန်းသိမ်းဖို့ သူ့ရဲ့ လုပ်ငန်းလမ်းစဉ်တွေ အကောင်အထည်ဖော်ဖို့အတွက် စစ်ကောင်စီနဲ့ ပြောင်ပူးပေါင်းရုံသာမက သူ့ဩဇာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကိုလည်း နွေဦးတော်လှန်ရေးလှုပ်ရှားမှုအတွင်း မပါဝင်အောင် တားဆီးဖို့ ကြိုးစားနေတာဖြစ်ပြီး ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အ တွက် ဘက်အားလုံးပါဝင်တဲ့ စေ့စပ်ညှိနှိုင်းပွဲတစ်ရပ် ဖော် ဆောင်ရေးဆိုတာ အပေါ်ယံရုပ်ပြစကား လုံးသာဖြစ်ပြီးတော့ အတွင်းသဘောကတော့ စစ်ကောင်စီနဲ့တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖော်ပြနေတာ ဖြစ်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါ တယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းရေးကို တစ် ဆင့်တိုးမြှင့်လိုကြောင်းနဲ့ နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားတွေရဲ့ အဖွဲ့အစည်း လုံခြုံရေးအတွက် ကာကွယ်ပေးဖို့နဲ့ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေးကို ပူးပေါင်းဆောင်ရွက်ဖို့ အမြဲအသင့်ရှိကြောင်း ချင်ကန်းနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့တယ်လို့ CGTN သတင်းက ဖော်ပြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းဟာ စစ်ခေါင်းဆောင်နဲ့ မတွေ့ဆုံခင် တစ်ရက်အလိုမှာ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ ဘေကျင်းမှာ တွေ့ဆုံပြီး မြန်မာ့အရေးဖြေရှင်းဖို့ ဆွေးနွေးမှုတွေလည်း ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ကလည်း တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန၊ ညွှန်ကြား ရေးမှူးချုပ် Peng Xiubin က မြန်မာ့အရေးနဲ့ပတ်သက်ပြီး စစ်အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ် ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတ ဟောင်း ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI