မော်လမြိုင်၊ မေ(၃)

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင် စီ (MSFC) က ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးကော်မတီအောက်ကနေ လုပ်ငန်းကဏ္ဍ ၁၀ ခု လည်ပတ်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီလို့ ကောင်စီဝင် နိုင်ထောရော့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လုပ်ငန်းကဏ္ဍ ၁၀ ခုမှာတော့ ကာကွယ်ရေးနဲ့ တရားစီရင်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာမှုကူညီရေး၊ မြေယာသယံဇာတ၊ သတင်းနဲ့ ပြန်ကြားရေး၊ အမျိုးသမီးနဲ့ ကလေးငယ်၊ ပြင်ပဆက်ဆံရေး၊ ဘဏ္ဍာရေးနဲ့ အခွန်ကောက်ခံရေးတို့ ပါဝင်ပါတယ်။

အဲဒီထဲက ကာကွယ်ရေးနဲ့ တရားစီရင်ရေးမှာတော့ မွန်ပြည်နယ်မှာ တော်လှန်ရေးအင်အားပါဝင်မှုဟာ အားကောင်းတဲ့ အခြေအနေမရောက်နိုင်သေးတဲ့အတွက် အကောင်အထည်ဖော်ဖို့ အခက်အခဲရှိနေတယ်လို့ နိုင်ထော့ရော့က ဆိုပါတယ်။

“ဒီဌာနတွေကျတော့ သူကတဖြည်းဖြည်းချင်း အကောင်အထည်ဖော်သွားရမယ့် ဌာနတွေပေါ့။ အ ခက်အခဲတော့ ရှိမှာပါ။ ဒါပေမယ့် စိန်ခေါ်မှုအရှိဆုံးလို့ ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြေပြင်အခြေ အနေကျတော့ တခြားပြည်နယ်တွေနဲ့ မတူဘူး၊ နောက်ပြီး တခြားတိုင်းဒေသတွေနဲ့ မတူဘူး။ စစ်ကိုင်း၊ မကွေး အလှည့်ကျတော့ သူတို့ရဲ့ တော်လှန်ရေးအားပါဝင်မှုနဲ့ တော်လှန်တဲ့အင်အားတွေ အောင်နိုင်မှုက တော်တော်လေး အားကောင်းနေတယ်။ ကျွန်တော်တို့မှာကျ တော်လှန်တဲ့အင်အားစုတွေက အားကောင်းတဲ့အခြေအနေ အခုထိမရောက်နိုင်သေးဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် အစုအဖွဲ့တွေ၊ လုပ်ငန်းတွေက အကောင်အထည်ဖော်သွားရမယ့် လုပ်ငန်းစဉ်တွေဖြစ်တယ်။ အဓိက အခက်အ ခဲဆုံးက တရားစီရင်ရေးမှာ မြေပြင်အခြေအနေကလည်း လက်လှမ်းမမီနိုင်သေးတဲ့ကာလဖြစ်နေတော့ ကော်မတီအနေနဲ့ အတော်လေးအခက်အခဲတွေ့ပါတယ်”လို့ သူက ဆိုပါတယ်။

လုပ်ငန်းကဏ္ဍ ၁၀ ခုထဲမှာ တချို့ကဏ္ဍတွေကိုတော့ စုဖွဲ့မှုအခြေအနေရှိနေပေမယ့် အကောင်အထည် ဖော်ဖို့ ခက်ခဲနေတာဖြစ်ပြီး မွန်ပြည်နယ်မှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ အစုအဖွဲ့တွေကိုလည်း စုစည်းနိုင်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဖိတ်ခေါ်နေတယ်လို့ နိုင်ထောရော့က ဆက်ပြောပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ နိုင်ငံရေးအစုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ အမျိုးသမီးအင် အားစုတွေ၊ ပြည်ပရောက် မွန်အစုအဖွဲ့တွေ၊ ပြည်နယ်မှာရှိတဲ့ အခြားတိုင်းရင်းသားအင်အားစုတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ပထမကြိမ်ညီ လာခံမှာတော့ တော်လှန်ရေးကာလနဲ့ကြားကာလမှာ ကျင့်သုံးဖို့ အာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအစီအမံတွေကို ချမှတ်ထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ စစ်တပ်အာဏာသိမ်းယူမှုအပြီး စတင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) ကနေ လက်ရှိ နိုင်ငံရေးအခြေအနေအရ ပြည်နယ် ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းတစ်ရပ် လိုအပ်နေတဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ဝန်ကြီးသုံးဦးနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာ ကိုယ်စားလှယ်သုံးဦး ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.