မော်လမြိုင်၊ မေ (၃)
မွန်ပြည်နယ်အတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပူချိန်ပြင်းထန်မှုကြောင့် ဒေသတွင်းမွေးမြူရေးလုပ် ငန်းတွေမှာ မွေးမြူထားတဲ့ကြက်နဲ့ဝက်တွေ သေဆုံးမှုဖြစ်ပေါ်နေတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွေးမြူရေးကြက်နဲ့ ဝက်တွေဟာ အပူချိန်ပြင်းထန်မှုကြောင့် ဦးနှောက်သွေးကြောပြတ် သေဆုံးတာတွေရှိသလို ရေရှားပါးတဲ့အတွက် ခြံတွေမှာရေလုံလောက်အောင် မသွင်းနိုင်တာအပြင် လိုအပ်တဲ့ဆေးဝါးတွေ မတိုက်ကျွေးနိုင်တာကြောင့် သေဆုံးမှုတွေ ဖြစ်ပေါ်နေတာပါ။
မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကတော့ မွေးမြူရေးကြက်နဲ့ဝက်သေဆုံးမှုဟာ အပူချိန်ပြင်းထန်မှုအ ပေါ် မူတည်နေတာကြောင့် အပူချိန်ပြင်းထန်လာပါက သေဆုံးနှုန်းမြင့်တက်လာနိုင်တယ်လို့ ပြောပါတယ်။
“အပူရှိန်တအားမြင့်တာကြောင့် ကြက်တွေ၊ ဝက်တွေရဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်ကျလာတာပေါ့။ အပူဒဏ်ကို မခံနိုင်ဘဲနဲ့ ဦးနှောက်သွေးကြောပြတ်ပြီးတော့ သေဆုံးမှုတွေဖြစ်တယ်။ ကြက်တွေဆိုရင် အသားစားရော၊ ဥစားရော အဲဒီလိုဖြစ်တယ်။ ပြီးခဲ့တဲ့လမှာတော့ ဝက်တွေမှာကတော့သူ (မိုင်ခရိုကပ်စပါ) လို့ခေါ်တဲ့ ရောဂါတစ်ခုတော့ တွေ့တာပေါ့။ ဒါကလည်း ပြင်းပြင်းထန်ထန်ကူးစက်တဲ့ ရောဂါတော့မဟုတ်ဘူး။ အခန့်မသင့်ရင်တော့ ဝက်ငယ်လေးတွေကို ကူးစက်တာပေါ့လေ။ စနစ်တကျနဲ့ ထိန်းနိုင်ရင်တော့ သေဆုံးနှုန်းနည်းတာပေါ့၊ အခုဒီရာသီဥတုရဲ့ အပူရှိန်အခုလိုပဲ ဆက်မြင့်နေမယ်ဆိုရင် သေဆုံးနှုန်းတွေက ဆက်ဖြစ်နေဦးမှာပဲ။ တချို့ နေရာတွေမှာကျတော့ ရေတွေမရဘူး၊ ရေခန်းတယ်၊ ရေရှားတယ်ပေါ့။ အဲဒီပြဿနာတွေကြောင့်လည်းပဲ ပိုပြီးတော့အဖြစ်များကြတာ”လို့ ဆိုပါတယ်။
လက်ရှိမှာ အပူချိန်ပြင်းထန်မှုကြောင့် မွေးမြူရေးခြံတွေမှာတော့ ကြက်နဲ့ဝက်သေဆုံးမှုဟာ အနည်း ဆုံး ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအတွင်း သေဆုံးနေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကလည်း အပူချိန်ပြင်းထန်မှုကြောင့် ကြက်နဲ့ဝက်သေဆုံးမှုကို ကာကွယ်ဖို့် ဆေးဝါးအပြင် လေပန်ကာတွေကို အများဆုံး အသုံးပြုနေရတဲ့အတွက် အထွေထွေကုန်စရိတ် ပိုမိုမြင့်တက်လာတယ်လို့ ပြောပါတယ်။
“သူတို့ရဲ့ သဘာဝကိုက ရုံထဲမှာထည့်ထားတော့ ပူတယ်။ သူတို့ရဲ့ အပူဓာတ်တွေများတယ်။ အခုလိုမျိုး ရာသီဥတုကလည်းပြင်းတယ်။ သွပ်ရဲ့အပူရှိန်ကလည်း ရှိတယ်။ နောက်ပြီး လေတိုက်တာတွေ ဘာညာကြောင့်လည်း နည်းနည်းပေါ့နော် လေဝင်လေထွက်က မကောင်းဘူးဆိုလို့ရှိရင် သေနှုန်းကအဲဒီလိုမျိုးပဲ။ ကြက်တွေကလေပူရင်းနဲ့ ပါးစပ်တွေဟဟပြီးတော့ ရေလည်းသူတို့မသောက်ဘူး။ မောပြီးတော့ ပါးစပ်တွေဟပြီးတော့ ကမူးရှုးထိုးဖြစ်ပြီးတော့ အစားတွေအန်တာ။ ချက်ချင်းအမောက်တွေပြာပြီး သေတယ်။ ပြောမယ်ဆို အောင်စီဂျင်ပြတ်ပြီး သေတယ်ပေါ့ အဲဒီလိုမျိုး။ တချို့ရုံတွေက အိတ်နဲ့ကို သယ်ရတယ်၊ (၁၀၀) (၂၀၀) သေသွားတာလည်းရှိတယ် ဒီနှစ်မှာ။ လောလောဆယ်က အဲဒီအပူဒဏ်ကြောင့်ပေါ့ ကြက်တွေကိုတော့ ဆေးရည်တွေ ကြိုတိုက်ရတယ်။ မီးမလာတော့လည်း ပန်ကာတွေနဲ့ စက်မောင်းပြီး ဖွင့်ထားပေးရတယ်။ လေဝင်လေထွက် ကောင်းရအောင်လေ။ လေပူတွေ မှုတ်ထုတ်ထားပေးရတာပေါ့။ နည်းနည်းတော့ အကုန်အကျတော့ များတာပေါ့။ အကုန်အကျများတဲ့အပြင် ဒီနေ့ထားလိုက်ပါတော့ စက်လှည့်လို့ (၁)သောင်း ကုန်တယ်ထားလိုက်တော့။ သူတို့တကယ် လို့ သေသွားလို့ရှိရင် ကိုယ့်အတွက်ဆုံးရှုံးမှုက အကောင်(၂၀) လောက် သေသွားရင် (၂)သိန်းလောက် ကုန်သွားမှာလေ။ အခုက ဥတဲ့အချိန်ဆို ပိုတောင်နစ်နာတာပေါ့ အဲဒီလိုမျိုးပေါ့”လို့ ဆိုပါတယ်။
မွေးမြူရေးလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်း ပြီးနောက် ဖြစ်ပေါ်နေတဲ့ သွင်းအားစုတွေဖြစ်တဲ့ အစားနဲ့ ဆေးဝါးဈေးနှုန်း ၂ ဆကျော် မြင့်တက်နေတာ၊ သယ်ယူပို့ဆောင်ရေးနဲ့ အထွေထွေကုန်ကျစ ရိတ်တွေ ကြီးမြင့်တာကြောင့် အရှုံးနဲ့ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ဒါ့အပြင် ဈေးကွက်အတွင်း ဈေးနှုန်းတည်ငြိမ်မှုမရှိတာ၊ တဖက်နိုင်ငံတွေကတဆင့် တရားမဝင် အေးခဲအသားတွေ ဝင်ရောက်လာတာအပြင် အထွေထွေအကျပ်အတည်းတွေကြောင့်လည်း စားသုံးသူနည်းပါးလာတဲ့အတွက် အခက်အခဲဖြစ်ကာ မွေးမြူရေးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ရပ်နားသွားပြီးဖြစ်တယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။
မွေးမြူရေးလုပ်ငန်းတွေ ရပ်နားလိုက်ရတာကြောင့် မွေးမြူရေးကျွမ်းကျင်လုပ်သားတွေဟာဆိုရင် အ လုပ်လက်မဲ့ဖြစ်မှုတွေ မြင့်တက်လာသလို တချို့လုပ်သားတွေကတော့ စားဝတ်နေရေးအတွက် တ ဖက်နိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်တာတွေ များလာတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာတော့ မွေးမြူရေးလုပ်ငန်းတွေအနေနဲ့ ကြက်၊ ဘဲ၊ ဝက်နဲ့ ငါးမွေးမြူရေး လုပ်ငန်းတွေကို အဓိကလုပ်ကိုင်ကြပြီး ဆိတ်၊ နွားနဲ့ ငုံးတွေကိုတော့ ဒေသတွင်းတနိုင်တပိုင်မွေးမြူ လုပ်ကိုင်တာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ