ဘီးလင်း၊ မေ(၃)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဇီးဝန်းကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ အမြောက်တပ်ကို မေ(၁) ရက်နေ့ နေ့လည်ပိုင်းမှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ ထံကနေ သိရပါတယ်။

ကျေးရွာတွေထဲကို မကြာခဏဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီဇီးဝန်းအမြောက်တပ်ကို KNLA အပါအဝင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံး ၂ ချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ဗုံးသီးတွေဟာ စစ်ကောင်စီ အမြောက်တပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှု ရှိ မရှိ ဆက်လက် စုံစမ်းနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာလည်း ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနဲ့ ရွှေရောင်ပြကျေးရွာကြားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်က ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာပါ။

ဒရုန်းတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်အနည်ဆုံး ၂ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီ ဇီးဝန်းအမြောက်တပ်ကနေ ဇီးဝန်းကျေးရွာအနီးပတ်ဝန်းကျင်က ကျေးရွာထဲကို လက်နက်ကြီး ၈ လုံးထက်မနည်း ပြန်လည်ပစ်ခတ်ခဲပေမယ့် ကျေးရွာအပြင်ဘက်တွေမှာသာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးတာမရှိဘူးလို့ သိရပါတယ်။

KNU ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၇၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးဘူးလို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – HRS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.