မော်လမြိုင်၊ မေ(၂)

ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ၁၀ ဦးမြောက် ဥက္ကဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်ခံလိုက်ရတယ်လို့ KNU ပြောခွင့်ရ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

KNU ရဲ့ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းကို အခုကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် KNU ကွန်ကရက်ညီလာခံမှာ မဲစနစ်နဲ့ ရွေးကောက်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

ပဒိုစောကွယ်ထူးဝင်းဟာ ညောင်လေးပင်ခရိုင် တပ်မ ဟာ(၃) ဥက္ကဋ္ဌ ပဒိုစောဆဲဂေနဲ့ မဲရလဒ်တူတာကြောင့် ၂ ကြိမ်တိုင် ပြန်လည် မဲပေးပြီးနောက် ၂ မဲအသာနဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတာပါ။

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားဟောင်းတစ်ဦးဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းဟာ KNU ဘိတ်/ထား ဝယ်ခရိုင်မှတဆင့် ဗဟိုအဆင့်သို့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုအခါမှာတော့ KNU ရဲ့ ၁၀ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။

အသက် ၉၀ ပြည့်သွားပြီးဖြစ်တဲ့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကတော့ ညီလာခံတက်ရောက်ခဲ့ပေမယ့် ကျန်းမာ ရေးကြောင့် ပြန်လည်ရွေးချယ်ခံခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဧပြီ ၂၄ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ KNU ရဲ့ ၁၇ ကြိမ်မြောက် ကွန်ကရက်ညီလာခံကိုတော့ ဖာပွန်ခရိုင် တပ်မ ဟာ(၅) က တက်ရောက်ခဲ့တာ မရှိဘူးလို့ သတင်းတွေ ထွက်ပေါ်ပေမယ့် KNU ပြောခွင့်ရကတော့ ဒီအပေါ်မှာတစ်စုံတစ်ရာ မှတ်ချက်ပြုတာမရှိပါဘူး။

၂၀၁၇ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ KNU ကွန်ကရက်ညီလာခံကို ၄ နှစ် တစ်ကြိမ် ကျင်းပပြုလုပ်ရမှာဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကြောင့် ညီလာခံကျင်းပပြုလုပ်မှုကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.