မော်လမြိုင်၊ မေ(၂)မွန်ပြည်နယ်မှာ အိန္ဒိယနိုင်ငံကနေ မတ်ပဲမှာယူမှုများပြီး အဝယ်လိုက်နေတာကြောင့် ပဲလက်ကျန် နည်းပါးတဲ့အထိ အရောင်းသွက်နေသလို ဈေးကွက်အတွင်းမှာလည်း ပဲဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ပဲလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ သူတို့ဒေသတွင်း ရာသီဥတုအခြေအနေတွေကြောင့် ဒီနှစ်မှာပဲထွက်ရှိမှု နည်းပါးခဲ့တဲ့အတွက် ပဲလိုအပ်ချက်ကြောင့် ပြည်တွင်းကထွက်ရှိတဲ့ မတ်ပဲတွေကို အဓိကမှာယူတင်သွင်းနေတာ ဖြစ်ပါတယ်။အိန္ဒိယမှာယူမှုကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ပထမပတ်အတွင်း (၂၀) ပိဿာ တစ်တင်းကို ကျပ်(၅၃၀၀၀) ဝန်းကျင်သာရှိခဲ့တဲ့ မတ်ပဲဈေးနှုန်းဟာ အခုအခါမှာတော့ တစ်တင်းကို ကျပ်(၇၀၀၀၀) ဝန်းကျင်ထိ ဈေးနှုန်းမြင့်တက်လာတာပါ။

ပဲလုပ်ငန်းရှင်တစ်ဦးကတော့ အိန္ဒိယနိုင်က ပဲအဝယ်လိုက်နေကြောင့် ပဲလက်ကျန် နည်းပါးလာသလို မကြာမီကာလအတွင်း လက်ကျန်ပဲတွေ ကုန်သွားနိုင်တယ်လို့ ပြောပါတယ်။

“လက်ရှိကတော့ ကျွန်တော်တို့ ဒီဘက်က အိန္ဒိယရဲ့ လိုအပ်ချက်ရှိလို့ပေါ့။ အိန္ဒိယကတော့ ဘယ်လိုပြောရမလဲ ပြီးခဲ့တဲ့နှစ်က စိုက်ဧကလျော့တယ်။ စိုက်ပျိုးပြီးတဲ့အချိန်မှာ အပျက်အစီးများတာပေါ့။ မိုးများတယ်၊ အပျက်အစီးများတယ်။ အဲဒါကြောင့်မို့ လိုအပ်ချက်တွေဖြစ်သွားတယ်။ ကျွန်တော်တို့မှာလည်း ဒီနှစ်ပဲထွက်လျော့တယ်ဗျ၊ ကျွန်တော်တို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်လို့ရှိရင် ပဲမျိုးစုံအထွက်လျော့တယ်။ အကြောင်းကတော့ (၂) မျိုးရှိတယ်၊ တစ်ကြောင်းကတော့ သီးနှံကမထွက်ဘူးပေါ့နော်။ ရာသီဥတုကြောင့် အထွက်လျော့တယ်၊ အဲဒါက တစ်ကြောင်း၊ နောက်ပြီးတော့ ကျွန်တော်တို့မှာ ပြည်တွင်းမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှာ နည်းနည်းလေး နယ်မြေမတည်ငြိမ်တဲ့ အခါကျတော့ အဲဒီဘက်မှာက တစ်နိုင်ငံလုံး ပဲစိုက်ဧကရဲ့ သူကလည်း ရာခိုင်နှုန်းတစ်ခု ရှိတယ်လေ။ အဲဒီဟာကလည်း အထွက်လျော့တယ်ဆိုတော့ တစ်နိုင်ငံလုံး ပဲထွက်လျော့တဲ့သဘောရှိတာပေါ့။ ပြည်တွင်းပဲလက်ကျန်ကတော့ ဒီအတိုင်းဆိုလို့ရှိရင်တော့ ကျွန်တော်ထင်တယ် ဟိုဘက်က လိုအပ်ချက်များလို့ အဝယ်လာတာများတယ်ဆိုရင်တော့ ပြည်တွင်းလက်ကျန်က ကုန်သွားလိမ့်မယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အိန္ဒိယနိုင်ငံအပါအဝင် တခြားနိုင်ငံတွေက ပြည်တွင်းထွက်ရှိတဲ့ မတ်ပဲကို မှာယူတင်သွင်းမှုများတာကြောင့် မတ်လနဲ့ ဧပြီလအတွင်း မတ်ပဲတစ်မျိုးတည်းကို တန်ချိန် (၂)သိန်း (၈)သောင်းကျော် တင်ပို့ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။

မတ်ပဲတွေ ဈေးကောင်းရနေပေမယ့် တောင်သူတွေလက်ထဲမှာ ပဲလက်ကျန် မရှိတော့တဲ့အတွက် အ ကျိုးအမြတ်မရှိကြဘူးလို့ ပဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

“တောင်သူတွေ လက်ထဲမှာတော့ များသောအားဖြင့်တော့ တော်တော်နည်းသွားပြီ။ ဘာကြောင့်လဲ ဆိုတော့ တောင်သူတွေက သူတို့ရဲ့လယ်ကထွက်တဲ့ဟာကိုပဲ မှီရတယ်ဆိုတော့လေ။ ဒီမှာ ကျွန်တော်တို့လုပ်ခတွေ ဘာတွေ ပေးဖို့ဘာဖို့ကျတော့ များသောအားဖြင့်တော့ ရာသီချိန်ထဲမှာဘဲ ရောင်းတာများတယ်။ အခုဆိုရင် တောင်သူတွေ လက်ထဲမှာ ပဲကမရှိသလောက် ဖြစ်သွားပြီ။ ဒီလိုမျိုး မိုးဦးကျပြီးလောက်မှ ဈေးနှုန်းတက်တာဆိုတာ သူတို့သိတယ်။ ဒါပေမယ့် သူတို့လက်ထဲမှာလည်း ငွေပို၊ ငွေလျှံကမရှိတော့ ဒီသီးနှံလေးတွေကိုပဲ ရောင်းပြီးတော့ လုပ်ခတွေရှင်းရတယ်။ စားရတယ်ဆိုတော့ အခုလိုဈေးတက်တဲ့အချိန်တော့ သူတို့လက်ထဲမှာ ပစ္စည်းမရှိတော့ နည်းနည်းတော့ ထိုက်သင့်သလောက်တော့လည်း သူတို့အကျိုးအမြတ်က တအားကြီးမရဘူးပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲစိုက်တောင်သူတွေဟာ ပဲစိုက်ပျိုးချိန် သွင်းအားစု ဓာတ်မြေဩဇာဈေးနှုန်း အဆမတန် မြင့်တက်နေ တာ၊ စက်သုံးဆီဈေးနှုန်း၊ လုပ်သားခနဲ့ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့်လည်း ထင်သလောက် အကျိုးအမြတ်မရရှိကြဘူးလို့ ဆိုပါတယ်။

ပဲဈေးကွက်အတွင်း ပြည်ပကပဲဝယ်လိုအားတွေ မြင့်တက်နေတာကြောင့် အရောင်းအဝယ်သွက်ကာ ဈေးနှုန်းဆက်လက် မြင့်တက်လာနိုင်သလို ဒီအတိုင်းဝယ်ယူမှု မြင့်တက်နေပါက အရင်နှစ်ကထက် ပဲလက်ကျန် အစောကြီးကုန်သွားနိုင်တယ်လို့ ပဲလုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

ပြည်တွင်းထွက်ရှိတဲ့ မတ်ပဲတွေကိုတော့ အိန္ဒိယနိုင်ငံက အဓိကဝယ်ယူနေသလို နီပေါနဲ့ ပါကစ္စတန်နိုင်ငံတွေကလည်း မှာယူတာတွေရှိတဲ့အပြင် တခြားနိုင်ငံတွေကလည်း လိုအပ်ချက်အပေါ် မူတည်ကာ မှာယူတင်သွင်းတာတွေ ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.