ရန်ကုန်၊ မေ(၂)

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အသွင်ကူးပြောင်းရေးကာလမှာ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာနက မေ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ အသိပေးထုတ်ပြန်ပါတယ်။

လူထုတွေ မဲပေးရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကနေ မတရားအာဏာသိမ်းယူမှုဟာ မြန်မာနိုင်ငံကို ကြီးမားစွာထိခိုက်နစ်နာစေခဲ့ပြီး အလွှာအသီးသီးက လုပ်သားပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်တွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဆုံးရှုံးခဲ့ရတယ်လို့ တရားရေးဝန်ကြီးဌာနက ဆိုပါတယ်။

NUG ရဲ့တရားရေးဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား လုပ်သားပြည်သူအားလုံးအတွက် တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူတွေကို လိုက်နာဆောင်ရွက်သွားဖို့ ကတိပြုတယ်လို့ ထုတ်ပြန်ထားပါ။

စစ်တပ်ရဲ့ မတရားအာဏာသိမ်းပြီးနောက်ပိုင်း လုပ်သားပြည်သူတွေအပေါ် အလုပ်ရှင်တွေက မတ ရားခေါင်းပုံဖြတ်မှုတွေ တွေ့ကြုံနေရတာကိုလည်း ကြားသိနေရပြီး အဲဒီဖြစ်စဉ်ကို မှတ်တမ်းယူကာ အသွင်ကူးပြောင်းရေးကာလမှာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်သားပြည်သူတစ်ရပ်လုံးရဲ့ ရပိုင်ခွင့်တွေနဲ့ တရားမျှတမှုတွေကို ပြန်လည်ရှာဖွေပေးသွားမယ်လို့ကတိပြုပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်ရာမှာ တိုက်ပွဲဝင်နေကြတဲ့ အလွှာအသီးသီးက လုပ်သားပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကိုလည်း လေးစားဂုဏ်ယူကြောင်း တရားရေးဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ သိသာစွာ မြင့်တက်လာခဲ့သလို ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေသလို အလုပ်ဖြုတ်ခံရမှုတွေလည်း ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုကြပါတယ်။

စစ်တပ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်မင်းကြီး မင်းအောင်လှိုင်ကတော့ အလုပ်သမားတွေရဲ့ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ ကျန်းမာရေးရပိုင်ခွင့်အပါအဝင် အလုပ်သမားတွေရဲ့ အကျိုးခံစား ခွင့်တွေကို ဆောင်ရွက်ပေးနေတယ်လို့ ကမ္ဘာ့အလုပ်သမားနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ လေလုံးကြွားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.