မော်လမြိုင် – မေ(၂)

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြည်သူတွေရဲ့ ခံစားချက်နဲ့ နာကျင်မှုတွေ ကို လျစ်လျူမရှုထားကြဖို့နဲ့ ဆွေးနွေးပွဲတွေမှာ ပြည်သူတွေရဲ့ ဆန္ဒတွေကို ဦးစားပေး အလေးထား ပြီး မမေ့မလျော့ထည့်သွင်းဆွေးနွေးကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ မေလ(၂) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၁၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းဝေးမှာ အခုလိုပြောခဲ့တာပါ။

“ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ကျွန်တော်ဒီနေရာကနေ ပြောချင်တာကတော့ ကျွန်တော်တို့ ပြည်သူတွေအများစုဟာ ဒီအကြမ်းဖက်စစ်တပ်ရဲ့ အုပ်ချုပ်မှုလက် အောက်မှာ တရက် လေးမှကို ဆက်လက်နေထိုင်လိုတဲ့ ဆန္ဒမရှိကြပါဘူး။ အကြမ်းဖက်စစ်တပ်ရဲ့ ဖိနှိပ်မှုကို တရက်ထပ် ခံရရင် အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးနေရတဲ့ ပြည်သူအရေအတွက်ကလည်း ထပ် ထပ်ပြီး တိုး လာနေမှာဖြစ်တယ် ဆိုတာပါပဲ” လို့ NUG ယာယီသမ္မတက ပြောခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရ ဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာ အဓိကဖြစ်ပြီး ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိရမှာဖြစ်တာ ကြောင့် စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူဝိုင်းဝန်းကြိုးစားရမှာဖြစ်တယ်လို့ အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ပါတယ်။

စစ်အုပ်စုဟာ ပြည်သူတွေ တရားဝင်ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို လွှတ်တော် အတွင်းက ဖယ်ထုတ်ပြီး သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို သူတို့ ကိုယ်တိုင်ပဲ ချိုးဖောက်ဖျက်ဆီးခဲ့တာကြောင့် နိုင်ငံအတွက် အရေးပေါ်လိုအပ်နေတဲ့ ယာယီဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရေးဆွဲခဲ့တာဖြစ်တယ်လို့ ယာယီ သမ္မတ ကအသိပေးထားပါတယ်။

ယာယီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာမှာ နယ်ပယ်အသီးသီးက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)တွေ၊ သက်ဆိုင်ရာ နေရာဌာနအသီးသီးက လူငယ်တွေ ပါဝင်ရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။

ပဋိညာဉ်ရဲ့ အစိတ်အပိုင်း အသီးသီးကို ကြားကာလမှာ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ အတွက် ဖက်ဒရယ်ယူနစ်တွေကြားမှာ အချင်းချင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီး တဲ့အတွက် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/တိုင်း ဖက်ဒရယ်ယူနစ်တွေကြား အစိုးရအချင်းချင်း ကြားမှာ အပြုသဘောဆောင်တဲ့ လုပ်ငန်းလမ်းညွှန်မှုတွေ ပေါ်ပေါက်လာဖို့ အင်တိုက်အားတိုက် လုပ်ဆောင်ကြဖို့လည်း အစိုးရအဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.