လွိုင်ကော် – မေ(၂)

စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ပြီး ကရင်နီအမျိုးသားထု လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်တည် ဆောက်နိုင်တဲ့အထိ ခုခံစစ်ဆက်လက်ဆင်နွှဲမှာဖြစ်တယ်လို့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တည်ထောင်ခြင်း(၆၆) နှစ်ပြည့်ထုတ်ပြန်ချက်မှာ ထည့်သွင်းကတိပြုထားပါတယ်။

လွန်ခဲ့တဲ့ ၁၉၅၇ ခုနှစ်မေလ(၂) ရက်နေ့က ကရင်နီပြည် လိုပွာခိုခရိုင်၊ ပိုဝေါ်မြို့နယ်၊ ဟီလူ(ကသိုးခီး) ရွာမှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဟာ အခုနှစ် ၂၀၂၃ ခုနှစ် မှာ (၆၆) နှစ်ပြည့်မြောက်ခဲ့တာပါ။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ ကရင်နီအမျိုးသားထုတစ်ရပ် လုံး ဖိနှိပ်မှုက လွတ်မြောက်ပြီး တရားမျှတရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်နိုင်တဲ့အထိ ခုခံတော်လှန်ရေး တိုက်ပွဲကို ဆက်လက်ဆင်နွှဲသွား မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဖိနှိပ်မှုက လွတ်မြောက်နိုင်ဖို့ တိုက်ပွဲဝင်ရာမှာ လက်နက်ကိုင် တော်လှန်ရေးကို နိုင်ငံရေးပန်းတိုင် ရောက်ရှိနိုင်ဖို့အတွက် အထောက်အကူပြုတဲ့ တိုက်ပွဲဝင်စနစ်တစ်ခု အဖြစ် ကျင့်သုံးပေမယ့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တာကြောင့် ငြိမ်းချမ်းရေး တည်ဆောက် နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေမှာလည်း ပါဝင်ခဲ့ကာ နိုင်ငံရေးအဖြေရှာနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် အတုအယောင်ငြိမ်းချမ်းရေးကိုသာ ဖော်ဆောင်လိုတဲ့ စစ်အုပ်စုက တိုင်းပြည်အာဏာကို ထပ်မံသိမ်းယူလိုက်တဲ့နောက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်ပေါက်လာတဲ့ အာဏာရှင်စနစ် မှန်သမျှကို တိုက်ဖျက်သွားမှာဖြစ်တယ်လို့ KNPP က ပြောပါတယ်။

စစ်ကောင်စီကြောင့် အရပ်သား(၃၁၈) ဦးအထိသေဆုံးထားကာ အဲဒီထဲက (၁၃၄) ဦးဟာ စစ်ဘေးရှောင်ရင်း သေဆုံးခဲ့တာဖြစ်ပြီး အရပ်သား(၂၇၉) ဦးကိုလည်း ဖမ်းဆီးထား တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNPP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.