ပေါင်၊ မေ(၂)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သွားပြီး နေအိမ်ရှိ သေနတ် ၂ လက်ကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မေ ၁ ရက်နေ့ မနက်ပိုင်းက နေအိမ်မှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဦးဖိုးချစ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ရှင်းလင်းစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ဦးဖိုးချစ်ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးဖိုးချစ်ထွက်ပြေးလွတ်မြောက်သွားတာကြောင့် လက်နက်ကိုင်အဖွဲ့က သူနေအိမ်အပေါ်မှာရှိနေတဲ့ သေနတ် ၂ လက်ကို သိမ်းဆည်းပြီး ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်ကို ဘယ်အဖွဲ့အစည်းက လာရောက်တိုက်ခိုက်ခဲ့လဲဆိုတာ ထုတ်ပြန်ထားတာ မရှိသလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်ကိုလည်း သံလွင်တိုင်းမ်က မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ဦးဖိုချစ်ကိုလာရောက်ပစ်ခတ်တဲ့ လက်နက်ကိုင်အဖွဲ့ ကနေ ၄၀ မမ သေနတ်တစ်လက်ရရှိခဲ့ပြီး လာပစ်တဲ့အဖွဲ့က တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကလည်း သထုံမြို့နယ် ဇရစ်ချောင်းကျေးရွာ ဆယ်အိမ်မှူးဦးစိုးလှိုင် သေနတ် နဲ့ ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.