မော်လမြိုင်၊ ဧပြီ(၂၇)

ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အကြောင်းအရပ်ရပ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ (၁၇)ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ကရက်ညီလာခံကို ဧပြီ ၂၄ ရက်နေ့က စတင်ကျင်းပလျက်ရှိပြီး လက်ရှိညီလာခံအခင်းအကျင်းအရ ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအ လဲမရှိနိုင်ဘူးလို့ KNU သတင်းရင်းမြစ်က သုံးသပ်ပြောဆိုပါတယ်။

၂၀၁၇ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တဲ့ KNU ကွန်ကရက်ညီလာခံကို ၄ နှစ် တစ်ကြိမ် ကျင်းပပြုလုပ်ရမှာဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေကြောင့် ညီလာခံကျင်းပပြုလုပ်မှုကို အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

အခုကျင်းပနေတဲ့ KNU ညီလာခံကိုတော့ စစ်ရေးအခြေအနေကြောင့် ခရိုင်၊ တပ်မဟာအားလုံးမှ ကိုယ်စား လှယ်တွေ မျက်နှာစုံညီအနေအထားနဲ့ ကျင်းပနိုင်ခြင်းမရှိဘဲ အွန်လိုင်းစနစ်နဲ့သာ ကျင်းပနေတာဖြစ်ပြီး ဒီညီလာခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေကို သုံးသပ်ဆွေးနွေးတာ၊ ခေါင်းဆောင်ပိုင်းနေရာတွေကို ပြန်လည်ရွေးချယ်တင်မြောက်တာတွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။

၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ညီလာခံကျင်းပမှု အခြေအနေနဲ့ပတ်သက်ပြီး KNU ခေါင်းဆောင်ပိုင်းတချို့နဲ့ ပြောရေးဆိုခွင့်ရှိသူကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လတ်တလောမှာ လက်ခံဖြေဆိုထားခြင်း မရှိသေးပါဘူး။

လက်ရှိ ကရင်အမျိုးသားအစည်းအရုံး KNU မှာ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီစတဲ့အဖွဲ့ဝင်တွေနဲ့ တာဝန်ယူဆောင်ရွက်ထားတာဖြစ်ပါတယ်။

KNU ညီလာခံကို လက်ရှိမှာ ကျင်းပဆောင်ရွက်နေတဲ့အချိန် တဖက်မှာ KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် တပ်မဟာ(၅)၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)၊ ဒူးပလာယာခရိုင် တပ်မဟာ(၆) စတဲ့နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား စစ်ရေးပြင်းထန်လျက်ရှိနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.