ရေး၊ ဧပြီ(၂၇)

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာအနီးပတ်ဝန်းကျင်မှာ ညပိုင်းအချိန်ကင်းလှည့်နေတဲ့ အစင်ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေးပြောက်ကျား တပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၂၅ ရက်နေ့ ည ၉ နာရီအချိန်လောက်က ဆိုင်ကယ် ၃ စီးနဲ့ ကင်းလှည့်လာတဲ့ အစင်ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ပြည်သူ့စစ်အဖွဲ့ဝင် ၇ ဦးကို ရေးပြောက်ကျားတပ်ဖွဲ့က အစင်ကျေးရွာနဲ့ဇီးဖြူသောင်ကျေးရွာကြား ကားလမ်းပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အုန်းဟာ ပေါင်မှာ မိုင်းစထိမှန်ဒဏ်ရာရရှိပြီး ကျန်ပြည်သူ့စစ်အဖွဲ့တွေကတော့ ထိခိုက်ဒဏ်ရာမရရှိဘဲ လွတ်မြောက်သွားတယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူဗိုလ်ကျန်ရစ်က ပြောပါတယ်။

မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အုန်းကို ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သူကဆိုပါတယ်။ဒေသခံတွေအဆိုအရ အစင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့တွေ မိုင်းဆွဲခံရတာ မှန်ကန်ကြောင်းနဲ့ ညပိုင်းအချိန်ဖြစ်တာကြောင့် ထိခိုက်မှု ရှိ၊ မရှိ အခြေအနေကိုတော့ မသိရဘူးလို့ ဆိုကြပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် ဧပြီ ၂၆ ရက်နေ့ မနက်ပိုင်းမှာ တပ်အင်အား ၁၀၀ နီးပါး ပါတဲ့ စစ်ကောင်စီတပ်ဟာ မြေသယ်ယာဉ် ၅ စီးနဲ့ အစင်ကျေးရွာကိုဖြတ်ပြီး ဇီးဖြူသောင်ကျေးရွာဘက်ကို ဆင်းသွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့ကလည်း ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာရှိနေတဲ့ ပြည်သူစစ်အဖွဲ့ဝင် တိုက်ခိုက်ခံရပြီး ပြည်သူစစ် ၂ ဦးနဲ့အတူ ဒေသခံလူငယ် ၁ ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.