မော်လမြိုင်၊ ဧပြီ(၂၇)

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပူချိန်ပြင်းထန်မှုကြောင့် နိုင်ငံရေးအကျဉ်းသားအများစု အပူလျှပ်ဖျားနာတာတွေ ရှိနေပေမယ့် ဆေးကုသခွင့်မရရှိကြဘူးလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားတွေကိုထားရှိတဲ့ အကျဉ်းခန်းတွေဟာ အခန်းကျဉ်းတာ၊ မျက်နှာကြက်မရှိတာ၊ လေဝင်လေထွက် ကောင်းစွာမရတဲ့အတွက် လက်ရှိဖြစ်နေတဲ့ အပူချိန်ပြင်း ထန်မှုတွေကြောင့် အပူလျှပ်ပြီး ဖျားနာတာတွေ ဖြစ်ပေါ်နေပါတယ်။

အပူလျှပ်ဖျားနာမှုကြောင့် နိုင်ငံရေးအကျဉ်းသား ၇၀ ထက်မနည်း ဖျားနာတာတွေဖြစ်ပေါ်နေပြီး ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အကျဉ်း ထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အတွင်းဆောင်တွေက ဒီသွပ်ပြားမှာ ဘာမျက်နှာကြက်မှမရှိဘူး ပလိန်းကြီး။ တအားပူတာ။ အခုရေလောင်း အခုခြောက်တယ်။ အဲဒီတော့ ကျွန်တော်တို့က (၁၁)နာရီ (၁၅)မိနစ်ဆို တန်းပိတ်တယ်ဗျာ (၂)နာရီထိ။ အဲဒီအချိန်ဆိုရင် အခန်းထဲမှာ ဘယ်လိုပြောမလဲ။ လှောင်အိမ်ထဲထည့်ပြီးတော့ အပူဒဏ်ခံနေရတာပေါ့။ အခုအဲဒီမှာ တချို့တွေက အပူချိန်တအားပြင်းတော့ အပူရှပ်ပြီးတော့ ဖျားတဲ့သူတွေများနေတယ်။ အပူရှိန်ကြောင့် ဖျားနာတဲ့သူက နိုင်ကျဉ်းမှာဆိုရင် ဖျားနာတဲ့သူကပဲ (၇၀) လောက်ရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုက သူတို့မှာ ဘာမှမပေးဘူးလေ။ အဲဒီတော့ ဆိုးရွားတယ်ပေါ့နော်။ အခုလက်ရှိမှာက ထောင်ရဲ့ဆေးရုံအုပ်ကလည်း စစ်တပ်ကပြောင်းလာတဲ့သူဆိုတော့ ပိုဆိုးတယ်”လို့ ဆိုပါတယ်။ဖျားနာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဆေးဝါးကုသခွင့်မပေးသလို မိသားစုဝင်တွေက ကျန်းမာရေးအတွက် ဆေးဝါးပို့ဆောင်ပါကလည်း ထောင်အတွင်း သွင်းခွင့်မပြုတာကြောင့် အ ဆိုးဝါးဆုံး ဖိနှိပ်ခံနေရတာ ဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမပေးဘဲ ရောဂါဖြစ်သမျှကို ပါရာစီတမောနဲ့ ဘာမီတွန်သာပေးသလို နိုင်ကျဉ်းတွေအနေနဲ့ ကျန်းမာရေးမကောင်းပါက ကိုယ့်အချင်းချင်းသာ ကူညီနေရတယ်လို့ ပြောပါတယ်။“ကျန်းမာရေးစောင့်ရှောက်မှုကတော့ လုံးဝဇီးရိုးပဲ။ ဘာမှမလုပ်ပေးဘူး။ နိုင်ကျဉ်းဆိုပိုဆိုးတယ်။ ဆီးချို ဖြစ် လည်း ပါရာစီတမော၊ ဘာမီတွန်ပဲ။ သွေးတိုးရင်လည်း ပါရာစီတမော၊ ဘာမီတွန်ပဲ။ ဖျားရင်လည်း ပါရာစီတမော ဘာမီတွန်ပဲ။ ဗိုက်အောင့်လည်း ပါရာစီတမော ဘာမီတွန်ပဲ။ ရောဂါအားလုံးကို ဒီ(၂)ခုတည်းနဲ့ပျောက်ရင် ဆေးဆိုင်တွေ မဖွင့်နဲ့တော့ပေါ့။ နိုင်ကျဉ်းကဘာပဲဖြစ်ဖြစ် လှည့်လည်းမကြည့်ဘူး။ နိုင်ကျဉ်းမှာ ဖျားပဲဖျားဖျား၊ နာပဲနာနာ၊ ဘာပဲလုပ်လုပ် ကိုယ့်အချင်းချင်းက အထဲမှာရှိတဲ့လူအချင်းချင်းက တချို့ဆရာဝန်တွေရှိတယ်။ ထောင်ကျထားတဲ့ ဆရာဝန်တွေကနေပြီးတော့ နိုင်သလောက် စွမ်းသလောက်တော့ ဖေးမကူညီနေကြတာပေါ့။ ထောင်ဆေးရုံကတော့ ဘာမှပံ့ပိုးမှု အပြည့်အဝမရှိဘူး။ အခုကပူပြင်းရာသီမှာတော့ အထဲမှာရှိတဲ့ အကျဉ်းသားတွေအတွက် တကယ့်ငရဲခန်းပဲ”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့် ရှောက်မှု မပေးတဲ့အပြင် နည်းမျိုးစုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပြုလုပ်နေသလို မကြာခဏဆိုသလို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပို့ဆောင်တဲ့ အစားအစာ၊ ဆေးဝါးနဲ့ အသုံးအဆောင် ပစ္စည်းတွေကိုလည်း စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းတွေက အပြည့်အဝပေးဆောင်တာမရှိဘဲ ကြားဖြတ်ယူဆောင်တာတွေလည်းရှိတယ်လို့ နိုင်ငံရေးအကျဉ်း သားဟောင်းတွေက ပြောပါတယ်။

စစ်ကောင်စီ မွန်ပြည်နယ်အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးကတော့ အကျဉ်းထောင်တွေအတွင်း အပူချိန်ပြင်းထန်မှုကြောင့် အပူလျှပ်ပြီးဖျားနာတဲ့ အကျဉ်းသားတွေမရှိသလို ကျန်းမာရေးစောင့် ရှောက်မှုတွေကိုလည်း ပုံမှန်အတိုင်းပေးနေတယ်လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထားရှိတာဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် အနယ်နယ်အရပ်ရပ်က နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား (၂၁၀)ကျော်နဲ့ နိုင်ငံရေး အကျဉ်းသူ (၉၀)ကျော် ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.