သရက်ချောင်း၊ ဧပြီ(၂၆)
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံတွေကို ရွာစဉ်လှည့်လိုက်လံဖမ်းဆီးပြီး ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၂၃ ရက်နေ့ကစပြီး သရက်ချောင်းမြို့နယ် ရငဲ၊ ဝဲရစ်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေကို လိုက်လံဖမ်းဆီးနေတာပါ။
ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တို့မှာ စစ်ကောင်စီတပ်ဟာ ရငဲနဲ့ ဝဲရစ်ကျေးရွာက ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးပြီးနောက် ရိုက်နက်စစ်ဆေးတာတွေလုပ်ဆောင်ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ဧပြီ ၂၅ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ပိန်းတောရွာနဲ့ကဇိကျေးရွာက ဒေသခံ ၅ ဦးကို လက် ပြန်ကြိုးတုပ် ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံအမျိုးသား ၅ ဦးဟာ သာမာန်အရပ်သား ကြုံရာကျပန်း လုပ်ကိုင်စားသောက်သူတွေဖြစ်ပြီး စစ်ကောင်စီတပ်ကတော့ ပိန်းတောနဲ့ကဇိရွာကြား မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးသွားခဲ့တာပါ။
ဒေသခံ အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ် ဖမ်းဆီးသွားတာကြောင့် မိသားစုဝင်တွေကတော့ သူတို့အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေ ပြည်သူတွေကို အခုလိုလိုက်လံဖမ်းဆီးနေတာဟာ အကြောက်တရားသွင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်နေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ -CJ