ဝါရှင်တန်- ဧပြီ(၂၇)
ရုရှားနိုင်ငံသားတွေရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို စုဆောင်းဖို့အတွက် ယူကရိန်းဟာ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို(FBI) နဲ့ အမေရိကန် ကုမ္ပဏီ တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အကြီးတန်းအရာရှိတွေက ပြောပါတယ်။
ယူကရိန်းအာဏာပိုင်တွေဟာ ရုရှားနိုင်ငံကကျူးကျော်လာချိန်ကစပြီး စစ်မြေပြင်တွေနဲ့ စစ်ပွဲ ကြောင့် ပျက်စီးခဲ့တဲ့ မြို့တွေရဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ ယူကရိန်း အေဂျင်စီအတွက် တရားဝင်သံမှူးအဖြစ် အရင်က လုပ်ကိုင်ခဲ့ဖူးတဲ့ FBI အထူးအေးဂျင့် အဲလက်စ် ကုပ်ဇနပ်က ဆိုပါတယ်။
“အဲဒီအချက်အလက်တွေကို စုဆောင်းတာ၊ ဒေတာတွေကို ခွဲခြမ်းစိတ်ဖြာတာ၊ အချက် အလက် တွေကနေတစ်ဆင့် လုပ်ဆောင်ရတာတွေက FBI မှာ လုပ်ခဲ့ရတဲ့ အတွေ့အကြုံတစ်ခုပါပဲ” လို့ ဆန်ဖရန်စစ္စကိုရှိ RSA ဆိုက်ဘာလုံခြုံရေးကွန်ဖရင့်မှာ သူက ပြောခဲ့တာပါ။
ဒီလုပ်ငန်းမှာ ဆဲလ်ဖုန်းအချက်အလက်ရှာဖွေတာ၊ DNA နမူနာတွေကို မှုခင်းဆေးပညာအရ ခွဲခြမ်း စိတ်ဖြာတာအပြင် စစ်မြေပြင်မှ စုဆောင်းရရှိထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ခွဲခြမ်း စိတ်ဖြာတာတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ အထောက်အကူပေးသူတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်သလို စာရင်းသွင်းသူတွေရဲ့ အချက်အလက်ရယူတာ၊ ပထဝီဝင်တည်နေရာ အချက်အလက်တွေကို လွှဲ ပြောင်းတာတွေကိုလည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အဲလက်စ် ကုပ်ဇနပ်က ပြောပါတယ်။
ရုရှားဟာ နှစ်နိုင်ငံလုံးအတွက် ဘုံရန်သူဖြစ်နေလို့ ဒီလုပ်ဆောင်မှုဟာ ဆိုက်ဘာ မျက်နှာစာမှာ အမေရိကန်နဲ့ ယူကရိန်းကြား နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ပြတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
အမေရိကန် FBI ဟာ လွန်ခဲ့တဲ့ တစ်နှစ်ခွဲတည်းက ယူကရိန်းမှာ လုပ်ဆောင်နေတဲ့ ရုရှား အလုပ် သမားတွေ၊သူလျှိုတွေကို ဖော်ထုတ်ဖို့နဲ့ကိယက် မြို့အပြင်ဘက်မှာ လည်ပတ်နေတဲ့ ရုရှားတပ်ဖွဲ့ တွေကို ရှင်းလင်းဖို့ ယူကရိန်းကို ကူညီပေးနေတာဖြစ်တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တည်းက ဖြစ်ပွားနေတဲ့ ရုရှားဆိုက်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းကို အမေရိကန်လုံခြုံရေး ကုမ္ပဏီတွေနဲ့ တာဝန်ရှိသူတွေက အဓိက ကူညီပေးခဲ့တာဖြစ်ပါတယ်။
ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုဌာန မှ ဆိုက်ဘာသတင်းအချက်အလက်လုံခြုံရေးဌာန အကြီး အကဲကလည်း ယူကရိန်းအပေါ် ရုရှားရဲ့တိုက်ခိုက်မှုအရေအတွက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်း ငယ် အတွင်း တိုးလာတယ်လို့ ဆိုထားပါတယ်။
“ရာဇ၀တ်မှုမှာ ဘယ်သူက တာဝန်ရှိတယ်ဆိုတာကို သက်သေပြဖို့က အရမ်းခက်ခဲပါတယ် ဒါပေမယ့် ရုရှားဆိုက်ဘာရာဇ၀တ်ကောင်တွေအကြောင်း အချက်အလက်တွေ အများကြီး ရဖို့အတွက်က အရမ်းအရေးကြီးပါတယ်။ အကြောင်းကတော့ ဒီအချက်အလက်အားလုံးကို စုဆောင်းပြီး ကျွန်တော်တို့ရဲ့ ရာဇ၀တ်မှုတွေမှာ ထည့်ထားသွားမှာပါ။” လို့ သူကပြောပါတယ်။
ဆိုက်ဘာစစ်ပွဲရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ ဒီဖြစ်ရပ်ဟာ အသစ်အဆန်းတစ်ခုဖြစ်တယ်လို့ ယုံကြည်ထားပြီး လက်ရှိအခြေအနေဟာ ဆိုက်ဘာစစ်ပွဲကို ပထမဆုံးအကြိမ် တွေ့ကြုံရတာ ဖြစ်တယ်လို့ ယူကရိန်းလုံခြုံရေး ဝန်ဆောင်မှုဌာန ဆိုက်ဘာသတင်းအချက်အလက် လုံခြုံရေး ဌာန အကြီးအကဲက ပြောပါသေးတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ရုရှားအစိုးရကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်မှု မရှိခဲ့ဘူးလို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။
Ref: Reuters