မော်လမြိုင်၊ ဧပြီ(၂၆)
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ခိုးဆိုးလုယက် မှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသူ၊ အကျဉ်သားတွေကို လွတ်ငြိမ်းနဲ့ ပြန်လွှတ်ပေးပြီးနောက် ဆိုင်ကယ်ခိုးမှုတွေ ပိုမို ဖြစ်ပေါ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက်နေ့ မြန်မာ့နှစ်ဆန်းတစ်ရက်မှာ ပြည်နယ်အတွင်းရှိ အကျဉ်း ထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးကနေ အကျဉ်းသား၊ အကျဉ်းသူ (၂၂၄)ဦးကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး ပြန်လွှတ်လာသူတွေဟာ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ အကျဉ်းကျခံနေရသူတွေ အများဆုံး ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းသားတွေကို ပြန်လွှတ်ပြီးနောက် ဆိုင်ကယ်ခိုးမှုတွေဟာ အရင်ကထက် ပိုများလာပြီး နေ့စဉ်နဲ့အမျှ ဆိုင်ကယ်ခိုးယူမှုတွေ ဖြစ်ပေါ်နေသလို ဆိုင်ကယ်ပျောက်ဆုံးပါကလည်း ပြန်လည်ရရှိတာမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒေသခံတစ်ဦးကတော့ ဆိုင်ကယ်ခိုးယူမှုတွေမှာ အခုနောက်ပိုင်းအုပ်စုဖွဲ့ ခိုးယူမှုတွေပါ ရှိလာသလို မြို့အတွင်းတပ်ဆင်ထားတဲ့ CCTVတွေကလည်း မီးမလာတာကြောင့် အားကိုးလို့မရဘူးလို့ ပြောပါတယ်။
“ဒီမှာလွန်ခဲ့တဲ့ရက်ပိုင်းမှာ ဆိုင်ကယ် (၃)စီး ပျောက်သွားတယ်။ ပျောက်သွားပြီးတဲ့အပြင်ကို နောက် ထပ် အလားတူပဲ ညပိုင်းမာရှယ်လောထွက်နေတဲ့အချိန် ည(၁)နာရီ (၂)နာရီကို အုပ်စုဖွဲ့ပြီးတော့ ဆိုင်ကယ်ခိုးတယ်။ အဲဒါလည်း တရားခံမမိဘူး။ ဘေးနားက အိမ်တွေကလည်း မအော်ရဲဘူး။ အော်လိုက်လို့များ ကိုယ့်ကိုလာသတ်သွားမလားပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ခြံဝင်းပိတ်ထားတဲ့ဟာကို သောဖွင့်ပြီးဝင်သွားတာလေ။ ရပ်ကွက်ပြည်သူကလည်း ဒီသူခိုးခိုးလို့ သူခိုး၊ သူခိုးအော်ပြီးဆိုရင်လည်း ကိုယ့်ဝင်းထဲ၊ ကိုယ့်လမ်းကြားမှာပဲ အော်လို့ ရမယ်။ လမ်းမမထွက်ရဲဘူး။ လမ်းမထွက်ရင် ဖမ်းခံထိသွားမယ်။ ပထမကတော့ မြို့မှာCCTV တပ်မယ်ဆို တော့ ဘယ်လိုပဲဖြစ်ဖြစ် မြို့သူ၊ မြို့သားတွေအတွက် ကိုယ့်အိမ်လုံခြုံရေးအတွက်တော့ အဆင်ပြေမှာပဲဆိုပြီး အားကိုးတကြီးနဲ့ပေါ့။ ဒီ CCTV ဆိုတာက သူတို့ကိုလည်ပတ်ဖို့ မီးရှိမှလေ။ အခုကမီးမရှိတော့ ဖြစ်စဉ်တော်တော်များများမှာ ဒီမီးကြောင့် CCTV တပ်လို့ အဆင်မပြေဘဲနဲ့ တရားခံမမိတာတွေ အများကြီး။ အဲဒီတော့ ကျွန်တော်တို့ CCTV လည်း အားကိုးလို့မရဘူး။ ကိုယ့်အိမ်က CCTV တောင်မှ မီးမရှိတဲ့အတွက် တရားခံမမိဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ ဆိုင်ကယ်တွေ ခိုးယူခံရလို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို တိုင်ကြားပါကလည်း သူတို့ရဲ့လုံခြုံရေးအကြောင်းပြချက်နဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးတာမရှိသလို သက်သေနဲ့တကွ ပြသရင်တောင်မှ စုံစမ်းဖမ်းဆီးပေးတာမရှိဘူးလို့ ဆိုပါတယ်။
ဆိုင်ကယ်ပျောက်ဆုံးသွားတဲ့ ဒေသခံတစ်ဦးကလည်း ဆိုင်ကယ်တွေဟာ နေ့စဉ်အကြောင်းအမျိုးမျိုးနဲ့ ပျောက်ဆုံးနေပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို တိုင်းကြားပါကလည်း ပြန်ရတာမရှိသ လောက်ရှားတယ်လို့ ပြောပါတယ်။
“တစ်နေ့ကို (၅)စီးလောက် ပျောက်တယ်လို့တော့ ကြားတာပဲ။ ညီမပျောက်တဲ့နေ့ကဆိုရင် ကြားတာတော့ ညီမတို့ ငမွေဒိုးကြီးပဲပျောက်တာ။ ငမွေဒိုးကြီးပဲ (၃)စီးလောက်ပျောက်တယ်။ အဲဒီလောက်ထိ ပျောက်တယ်ပေါ့။ ဆိုင်ကယ်ရပ်ထားရင်းနဲ့ ခိုးခံထိသွားတာပေါ့။ အိမ်မှာထားနေရင်းနဲ့ အိမ်ထဲဝင်ပြီး ခိုးခံရတာတွေလည်းရှိတယ်။ တိုင်တာတော့ တိုင်တယ်လေ။ တိုင်ချက် ဖွင့်ထားတာပေါ့။ သူတို့(ရဲ)ကတွေ့ရင် ပြန်ဆက်သွယ်လိုက်မယ်ပေါ့ အဲဒီလောက်ပဲ၊ ပြန်ရတာမရှိဘူး၊ မရှိသလောက် ရှားတယ်”လို့ ဆိုပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီက လုံခြုံရေးအကြောင်းပြချက်နဲ့ ပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ အင်အားအများအပြား အသုံးပြုကာ ကင်းလှည့်လည်တာ၊ လုံခြုံရေးအရ အဓိကကျတဲ့နေရာတွေမှာ ရှာဖွေစစ်ဆေးတာတွေနဲ့ ရပ်ကွက်တွေအတွင်း ဧည့်စာရင်းစစ်ဆေးတာတွေ လုပ်ဆောင်နေပေမယ့် ဆိုင်ကယ်ခိုးယူသူတွေကိုတော့ ဖမ်းဆီးရမိခြင်းမရှိပါဘူး။
လက်ရှိမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာခိုးယူသူတွေကို ဖမ်းဆီးခြင်းမရှိဘဲ ဒေသခံလူငယ်တွေကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ ပတ်သက်တယ်လို့ဆိုပြီး အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးစစ်ဆေး ငွေညှစ်တာတွေကိုသာ အဓိကလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုမှု လုံးဝနီးပါးဆိတ်သုဉ်းသွားသလို နေ့စဉ်နဲ့အမျှ ဆိုင်ကယ်ပျောက်ဆုံးတာ၊ နေအိမ်အတွင်း ပစ္စည်းခိုးယူခံရတာတွေ ဖြစ်ပေါ်နေတဲ့အပြင် လူသတ်ပြီး ပစ္စည်းလုယက်မှုတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ