ရန်ကုန်၊ ဧပြီ(၂၆)

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာပြည်လာပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံမှုဟာ လူ မိုက်ကိုပွဲထုတ်တာလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဝေဖန်လိုက်ပါတယ်။

ဧပြီ ၂၅ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုး (NUG) ရဲ့ ၁၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အပေါ် NUG ယာယီသမ္မတက အခုလိုဝေဖန်လိုက်တာပါ။

ယာယီသမ္မတက မစ္စတာဘန်ကီမွန်းရဲ့ခရီးစဉ်ဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လက် လွတ်စပယ် သတ်ဖြတ်ညှင်းဆဲနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာဇာတ်ခုံမှာ လူမိုက်ကိုပွဲထုတ်တာဖြစ်ပြီး ကျင့်ဝတ်အားဖြင့် မလျော်ကန်တဲ့ကိစ္စဖြစ်တယ်လို့ ဝေဖန်တာပါ။

ဒါ့အပြင် နိုင်ငံတကာအစုအဖွဲ့ ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီကို ယဉ်ကျေးအောင်ချော့မြူနိုင်ဖို့ ကြိုးစားနေဟန်ရှိပြီး အရင်စစ်အစိုးရ အဆက်ဆက်မှာလည်း ဒီလိုပုံသေနည်းနဲ့ ချည်းကပ်ခဲ့တာကြောင့် စစ်အာဏာရှင် သက်ဆိုးရှည်စေခဲ့တာကို သတိထားဖို့လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

NUG အစိုးရအဖွဲ့ဝင်တွေအနေနဲ့ စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာမှာ တိုးမဝင်နိုင်အောင် သံ ခင်းတမန်ခင်း စွမ်းရည်ကိုသုံးပြီး ဆက်လက်ကြိုးစားကြဖို့နဲ့ နေ့စဉ်သတ်ဖြတ်၊ ညှင်းဆဲခံနေရတဲ့ ပြည်သူတွေရဲ့ဘဝကို အမြဲ သတိရအောက်မေ့ပြီး နိုင်ငံတကာအသိုင်းအဝန်းတစ်ခုလုံး နားလည်သဘောပေါက်အောင် လုပ်ရမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့တာပါ။

မစ္စတာဘန်ကီမွန်းကတော့ သူရဲ့မြန်မာပြည်ခရီးစဉ်ဟာ အကြမ်းဖက်မှုတွေ အဆုံးသတ်နိုင်ဖို့နဲ့ အား လုံးပါဝင်တဲ့ တရားဝင်ဒီမိုကရေစီအစိုးရတရပ် ထူထောင်နိုင်မယ့် လမ်းကြောင်းရှာဖွေပေးဖို့အပါအ ဝင် မြန်မာပြဿနာ ဖြေရှင်းရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တွေ့ဆုံ ဆွေးနွေးတာတွေလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကို ဧပြီ ၂၃ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၂ ရက်တာ လာရောက်ခဲ့တဲ့ မစ္စတာဘန်ကီမွန်းရဲ့ ဒီခရီးစဉ်မှာတော့ သမ္မတဟောင်း ဦးသိန်းစိန်၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.