ဘီးလင်း – ဧပြီ(၂၆)
မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်မှာ ရှိတဲ့ ဘီးလင်းမြို့နယ် ပြည်တွင်းအခွန်ဦးစီး ဌာနရုံးဟာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ် လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ ဧပြီ ၂၆ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ဘီးလင်းမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာန ရုံးကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ရှော့တိုက်ဒုံးနဲ့ လာရောက် တိုက်ခိုက်ခဲ့တာပါ။
ပြည်တွင်းအခွန်ဦးစီးဌာနရုံး ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် ရုံးအရှေ့ အုတ်တံတိုင်း အပါအဝင် ရုံးအရှေ့ မျက်နှာစာနဲ့ အဆောက်အဦးအတွင်းပိုင်း တချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာတာတော့ မရှိပါဘူး။
ဒေသကာကွယ်ရေးတပ်ဖွဲ့ အဖွဲ့ဝင် တစ်ဦးကတော့ ပြည်တွင်းအခွန်ရုံးဟာ စစ်ကောင်စီကို အဓိက ဝင်ငွေရှာပေးနေတဲ့ ရုံး ဖြစ်တာကြောင့် သတိပေးတဲ့အနေနဲ့ ညပိုင်းအချိန်မှာ ဖောက်ခွဲမှု ပြုလုပ်ခဲ့ တာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
အခွန်ရုံး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လာရောက် စစ်ဆေးတာနဲ့ မြို့အဝင် အထွက် နေရာတချို့မှာ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦး တစ်ခုလုံး ပြိုကျပျက်စီးမှု ဖြစ်ပွားခဲ့ပါတယ်။
ဘီးလင်းမြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၊ သတင်းပေး ဒလန်တွေ မကြာခဏ တိုက်ခိုက်ခံရတာကြောင့် အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ မစီးဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားတဲ့ မြို့နယ် တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ