မော်လမြိုင်၊ ဧပြီ(၂၆)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ချိတ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အဦး ၇၅၀ ကျော်အထိ ရှိလာတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဧပြီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

AAPP အဆိုအရ ချိတ်ပိတ်ခံရတဲ့နေအိမ်၊ အဆောက်အဦးအပါအဝင် အကြီးစားပစ္စည်းစတဲ့ ပိုင်ဆိုင်မှုပေါင်း အနည်းဆုံး ၇၅၁ ခုဟာ စစ်ကောင်စီက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားတဲ့သူတွေကို အဓိကပစ်မှတ်ထားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ချိတ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အဦးနဲ့ ပိုင်ဆိုင်မှုတွေဟာ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူနဲ့ အရပ်သား ၆၃၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေဖြစ်ပြီး အဲဒီထဲက လူ ၃၀၀ ဟာ လွှတ်တော်အမတ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ကို ထောက်ခံသူတွေ ပါဝင်ပါတယ်။

ချိပ်ပိတ်သိမ်းဆည်းမှုတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံအားပေးမှုကြောင့် ပစ္စည်း ဥစ္စာပိုင်ဆိုင်သူကို စစ်အုပ်စုကဖမ်းဆီးဖို့ ရည်ရွယ်တာနဲ့ လက်တွေ့အမှန်တကယ် ဖမ်းဆီးခြင်းတို့ စပ်လျဉ်းပြီး မကြာခဏဖြစ်ပွားနေတယ်လို့ AAPP က ဆိုပါတယ်။

စစ်ကောင်စီက ပိုင်ဆိုင်မှုတွေသိမ်းဆည်းခဲ့တဲ့ ၄၇ ရာခိုင်နှုန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း ပြည်သူ ၃၀၀၀ ကျော်ကို စစ်ကောင်စီက သတ် ဖြတ်ခဲ့ပြီး လူပေါင်း ၂၀,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.