မြဝတီ၊ ဧပြီ(၂၆)

KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်တိုက်ပွဲမှာ စစ်ကောင်စီဘက်က နေ့စဉ်နဲ့အမျှလေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရုံသာမက ဓါတုလက်နက်လို့ယူဆရတဲ့ ဗုံးတွေကိုပါအသုံးပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) နယ်မြေ မဲကနယ်ဒေသမှာ ပြီးခဲ့တဲ့ ဧပြီပထမအပတ်ကစပြီး စစ်ကောင်စီ BGF ပူးပေါင်းတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်းလာတာကြောင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

ပြီးခဲ့တဲ့ ဧပြီ(၂၃)ရက်နေ့နဲ့ (၂၄)ရက်နေ့ (၂)ရက်တာအတွင်း တော်လှန်ရေးအင်အားစုအဖွဲ့တွေ လုံခြုံရေးတာဝန်ယူထားတဲ့ မဲကနယ်ဒေသဝန်းကျင်တစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြိမ်ပေါင်း(၃၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဒီလိုပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးမှာ ဓါတုဗုံး (ဓါတ်ငွေ့ဗုံး)လို့ ယူဆရတဲ့ လက်နက်ကြီး အမျိုးအစားတွေလည်း ပါဝင်တယ်လို့ ကော်ဘရာစစ် ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မဲကနယ်ဒေသတစ်ဝိုက်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်နေပြီး အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် တော်လှန်ရေးအင်အားစုတွေ ထိခိုက်မှုမရှိခဲ့ဘူးလို့လည်း ဆိုထားပါတယ်။

မဲကနယ်ဒေသတစ်ဝိုက်ကို စစ်ကောင်စီဘက်က ကြည်းကြောင်း၊ လေကြာင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေတာဟာ သူတို့နယ်မြေထိန်းချုပ်နိုင်မှု မရှိတော့ဘူးဆိုတာ ပြသနေတာဖြစ်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်တယ်ဆိုပေမယ့် အ မှန်တကယ်တမ်းက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ပဒိုစောတောနီးက ဆိုပါတယ်။

အခုလ ဧပြီလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF တို့က KNU တပ်မဟာ (၆)နယ်မြေ မဲကနယ်ဒေသကို မြေပြင်ရော၊ ဝေဟင်ကနေပါ အပြင်းအထန် စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပြီး ဒီလိုတိုက်ခိုက်နေတဲ့နေရာမှာလည်း အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ ကျေးရွာတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မဲကနယ်ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၁)ကျောင်းအပါအဝင် လူနေအိမ်အများအပြား ပြိုပျက်ထိခိုက်ပျက်စီးခဲ့ရပြီး မဲကနယ်ကျေးရွာနဲ့ အခြားကျေးရွာတွေက ဒေသခံလူထုထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.