ရန်ကုန် – ဧပြီ(၂၆)

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်(၇) ဦးနဲ့ လက်နက်ခဲယမ်းတွေ ဖမ်းဆီး ရမိ ထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၉) ရက်နေ့က သန်လျင်မြို့နယ် ပေါက်တောရွာနားမှာ (၁) ဦးကို စတင်ဖမ်းဆီး ရမိပြီးနောက် ကျန်တဲ့သူတွေကို မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာမှာ (၃) ဦးနဲ့ ဒေါပုံမြို့နယ် မှာ (၃) ဦးဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

ခရမ်း PDF တပ်ဖွဲ့ဆီကနေ လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပေမယ့် သံလွင်တိုင်းမ် အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိခဲ့ပါဘူး။

ဧပြီလ(၂၂) ရက်နေ့ကတော့ ခရမ်း PDF ဘက်က တပ်ဖွဲ့ဝင်(၆)ဦးဖမ်းဆီးခံလိုက်ရတယ်လို့ အရေးပေါ် ကြေညာချက်ထုတ်ပြန်ထားပေမယ့် လက်နက်ခဲယမ်းတွေ ဖမ်းဆီးခံလိုက်ရတယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် အနေနဲ့ ခရမ်း PDF ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစား ခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။ ခရမ်းမြို့နယ် လ.ဝ.က ရုံးရှေ့ ဘန်ကာကို ဧပြီလ(၁၄) ရက် သင်္ကြန်အကျနေ့မှာ ခရမ်း PDF တိုက်ခိုက်ပြီးနောက် အခုလို ဆက်တိုက်ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MRTV

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.