နေပြည်တော် ၊ ဧပြီ (၂၆)

အာဏာသိမ်းစစ်ကောင်စီဟာ အခုနှစ်နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသား၊ ကျောင်းသူလူ ငယ်တွေအတွက် ရေကြောင်းနဲ့လေကြောင်း လူငယ်အခြေခံသင်တန်းတွေနဲ့ တန်းမြင့်သင်တန်းတွေကို တိုင်းနဲ့ပြည်နယ်အသီးသီးမှာ စတင်ဖွင့်လှစ်နေပြီလို့ ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ပါတယ်။

အခြေခံရေကြောင်း လူငယ်အခြေခံသင်တန်းနဲ့ တန်းမြင့်သင်တန်းတို့ကို ရန်ကုန်တိုင်း၊ မန္တလေး တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းအပါအဝင် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းရှိ သင်တန်းစခန်း ၁၁ ခုတို့ မှာ သင်တန်းသား၊ သင်တန်းသူ ၇၀၀ ကျော်နဲ့ ဧပြီ ၂၄ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

အလားတူ အခြေခံလေကြောင်း လူငယ်သင်တန်း အကြီးတန်းအဆင့်နဲ့ အငယ်တန်းအဆင့်တို့ကို မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းရှိ သင်တန်းစခန်း ၁၇ ခုမှာ သင်တန်းသား၊ သင်တန်းသူ ၆၈၀ ဦး တက်ရောက်ခဲ့ပါတယ်။

ရေကြောင်းသင်တန်းမှာတော့ အခြေခံစစ်ရေးပြအပါအဝင် အခြေခံရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန် အခြေခံသဘောတရားတွေ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေးဆိုင်ရာတွေ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေးတို့ကို သင်ကြားပေးသွားမယ်လို့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

လေကြောင်းသင်တန်းမှာတော့ လေယာဉ်ပျံသန်းမှုနဲ့ သက်ဆိုင်တဲ့ပညာရပ်တွေကို တတ်သိနားလည်ဖို့နဲ့ နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းတွေမှာ အထောက်အကူ ဖြစ်လာစေရေး၊ အနာဂတ်တပ်မတော်နဲ့ နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်တာလို့ စစ်ကောင်စီက ဆိုပါတယ်။

CDM တပ်ကြပ်ကြီးဇေယျကတော့ စစ်တပ်ရဲ့တပ်သားအသစ် စုဆောင်းဖို့ ခက်ခဲလာတဲ့အခြေအနေမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားတွေကို နေစာရာ၊ စားစရာနဲ့ လည်ပတ်စရာတွေကို မက်လုံးပေးပြီး တပ်သားစုဆောင်းတဲ့ ရည်ရွယ်ချက်လို့ သုံးသပ်ပါတယ်။

“လက်ရှိ အင်အားစုဆောင်းရတာ ခက်ခဲလာတယ်။ ကြည်း၊ရေ၊လေ အကုန်လုံးပါပဲ။ အဲဒီလို ခက်ခဲလာတဲ့အချိန်မှာ အသက်မပြည့်သေးတဲ့ ၁၄၊ ၁၅၊ ၁၆ နှစ် ကလေးလေးတွေကို လေတပ်ဆိုလည်း လေယာဉ်နဲ့ ပတ်သက်တာတွေ။ သာမာန်အရပ်သားတွေအတွက် လေယာဉ်တွေက စိတ်ဝင်စားစရာတစ်ခု ဖြစ်တယ်။ ဒါမျိုးကို မက်လုံးပေးဆွဲဆောင်တယ်။ ကျွန်တော်သိသလောက်ဆို လေကြောင်းလူငယ်တွေမှာသုံးတဲ့ ကျောပိုးအိတ်ကအစ တပ်မတော်စက်ရုံကနေ ထုတ်ပေးတယ်။ စားစရာ၊ နေစရာ၊ လည်စရာ အသေချာကိုလုပ်ပြီး ဒါမျိုးလိုက်ပြီးလုပ်တာပေါ့။ တပ်သားအသစ် စုဆောင်းဖို့အတွက် စည်းရုံးရေးတစ်မျိုးပေါ့”လို့ သူကဆိုပါတယ်။

လက်ရှိကာလမှာ လေကြောင်းအခြေခံ လူငယ်သင်တန်းမှာ တက်ရောက်ကျသူတွေဟာ အရပ်သားထက် တပ်မိသားစုဝင်တွေနဲ့ တပ်ရဲ့အမျိုးအနွယ်တွေ ပိုများနိုင်တယ်လို့လည်း တပ်ကြပ်ကြီးဇေယျက ထောက်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ တပ်သားအင်အားပြုန်းတီးမှုတွေ ပိုများလာတဲ့အတွက် တချို့ဒေသတွေမှာ လုံခြုံရေးကို လေတပ်နဲ့ရေတပ်က တပ်သားတွေကို အသုံးပြုလာသလို လုံခြုံရေးစစ်ကြောင်းမှာလည်း တန်းမြင့်သင်တန်းတက်နေတဲ့ ရေ၊ လေစစ်သည်တွေကိုပါ ထည့်သုံးလာတယ်လို့ သူကဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ ပညာရပ် ပိုင်းဆိုင်ရာ သင်တန်းတွေမှာ တက်ရောက်ကျတဲ့ ကျောင်းသားတွေ ကျဆင်းလာမှုအပေါ် တပ်သားစုဆောင်းရတာ အခက်ကြုံနေရတဲ့အတွက် အခုလိုမျိုး သင်တန်းတွေဖွင့်လှစ်ပြီး လူငယ်တွေ ပါဝင်လိုစိတ်များလာအောင် စည်းရုံးလှုံ့ဆော်တဲ့သဘောလို့ သုံးသပ်ပါတယ်။

“အရင်တုန်းကဖွင့်လှစ်ခဲ့တဲ့ သင်တန်းတွေ အကယ်ဒမီစစ်တက္ကသိုလ်၊ အကယ်ဒမီ စက်မှုတက္ကသိုလ်စတဲ့ သူ့ရဲ့ သင်တန်းတွေမှာ ကျောင်းသားတွေက တက်ရောက်မှုအလွန်ကိုနည်းပါးကျဆင်းခဲ့ပါတယ်။ အဲဒီအခါမှာ သူ့အနေနဲ့ တပ်သားစုဆောင်းရတာ တော်တော်လေးအခက်အခဲ ကြုံနေရတဲ့ပုံပါ။ အဲဒါကြောင့်မို့လို့ ဒီသင်တန်းတွေကိုဖွင့်ပြီးတော့ လေတပ်၊ ရေတပ်၊ စစ်ဘက်မှာ လူငယ်တွေပါဝင်လိုစိတ်များလာအောင်၊ အထင်ကြီးလာအောင် သူတို့အနေနဲ့ လှုံ့ဆော်စည်းရုံးမှုလိုနေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီလိုလိုအပ်ချက်ကြောင့်မို့ စစ်သည်စုဆောင်းရေး၊ စစ်သားစုဆောင်းရေး၊ ဌာနတွေအားလုံးမှာ အရန်အင်အားတွေ တိုးပွားလာဖို့အတွက် လူငယ်တွေကို စည်းရုံးဆွဲဆောင်နေတာလို့ ကျွန်တော်က တော့ မြင်ပါတယ်” လို့ဆိုပါတယ်။

ရေကြောင်းလူငယ်အခြေခံနဲ့ တန်းမြင့်သင်တန်းကို မေ ၁၉ ရက်အထိလည်းကောင်း၊ အခြေခံလေကြောင်းသင်တန်း အကြီးတန်းအဆင့်နဲ့ အငယ်တန်းအဆင့်သင်တန်းကို မေ ၂၃ ရက်အထိ လည်း ကောင်း သင်ကြားပို့ချပေးသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲဒီသင်တန်းကို သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၄ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ နှစ်စဉ်ဆက်တိုက် ရက်သတ္တပတ် ၄ ပတ်ကနေ ၆ ပတ်ကြာတဲ့အထိ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကိုဗစ်ဖြစ်ပွားတဲ့နှစ်မှာတော့ ရပ်နားထားရာကနေ အခုနှစ်မှာ ပြန်လည်ဖွင့်လှစ်လာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -Aung Kyi Thein FB Page / MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.