ရန်ကုန်၊ ဧပြီ (၂၆)

အခုတစ်ပတ်အတွင်းမှာ ကိုဗစ်ပိုးရှိသူလူနာအရေအ တွက် တိုးလာပြီး အတည်ပြုလူနာဦးရေဟာ ဧပြီ (၂၅) ရက်နေ့တစ်ရက်တည်းမှာပဲ (၇၁)ဦးအထိရှိလာနေပြီဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်အတည်ပြုလူနာစာရင်းဟာ ဧပြီ (၂၃) ရက်နေ့မှာ(၄၅ )ဦး၊ ဧပြီ (၂၄)ရက်နေ့မှာ (၅၁ ) ဦးကနေ အခု နောက်ဆုံး စစ်ဆေးရလဒ်ဖြစ်တဲ့ ဧပြီ(၂၅)ရက်နေ့မှာတော့ အတည်ပြုလူနာ (၇၁)ဦးအထိ ရှိလာတာဖြစ်ပါတယ်။ အခုလိုကိုဗစ်ပိုးတွေ့ရှိရတဲ့လူနာတွေခပ်စိပ်စိပ်ပြန်တွေ့လာရလို့ကိုဗစ်အတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လာနေရပြီလို့လည်း ပရဟိတလူမှုကူညီရေးအသင်းတွေကလည်း ပြောကြားလာကြပါတယ်။

“ကိုဗစ်ကမသိမသာပြန်ဖြစ်နေတာကြာပြီ။ သင်္ကြန်မတိုင်ခင်ကလည်းက ကျွန်တော်တို့အသင်းဆေးခန်းမှာ လာပြတဲ့ အထဲက သံသယလူနာတွေကို ဆေးရုံကိုပြန်လွှဲပေးရတာတွေ ရှိနေပြီ။ဒါပေမဲ့ တအား ကျယ်ကျယ်ပြန့်ပြန့် မဖြစ်လာသေးတာ။အခုလာမယ့်မိုးတွင်း တုပ်ကွေးရာသီမှာ ကိုဗစ်ကတစ်ကျော့ပြန် ပိုဆိုးလာမလားဆိုတာကိုတော့ နည်းနည်းတော့ စိုးရိမ်မိတယ် “လို့ ရန်ကုန်မြို့ရှိ ပရဟိတလူမှုကူညီရေးသမားတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကနောက်ဆုံးထုတ်ပြန်ထားတဲ့အချက်အလက်တွေ မှာတော့ ဒီနေ့အထိ ကိုဗစ် ဓာတ်ခွဲအတည်ပြုလူတာ စုစုပေါင်း (၆၃၄၄၇၆၁)ဦး ရှိနေပြီးရောဂါ ပိုး တွေ့ရှိမှုရာခိုင်နှုန်းဟာ (၀.၄၇)ရာခိုင်နှုန်းသာရှိခဲ့တယ်လို့ ပြောကြားထားပါတယ်။

ပြည်သူလူထုအနေနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ အတူယှဉ်တွဲပြီး (Living with COVID) နေထိုင်ရာမှာ နေထိုင်မှုပုံစံသစ် (New Normal) နည်းလမ်းတွေကို လိုက်နာနေထိုင်ရမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် သုတေသနတွေ့ရှိချက်တွေအရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံထားသူတွေမှာ ရောဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူရမှုနဲ့ သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရော ဂါ ပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို တွေ့ရှိရတယ်လို့လည်း ဆိုထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.