သရက်ချောင်း၊ ဧပြီ(၂၅)
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာနဲ့ဝဲရစ်ကျေးရွာနေ ဒေသခံ ၁၀၀ ကျော်ကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဧပြီ ၂၃ ရက်နေ့ မနက်ပိုင်းက ရငဲကျေး ရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံ ၈၀ ကျော်ကို နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးသွားပြီး ဒေသခံ ၃၀ ကျော်ကိုတော့ ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာပါ။
အဲဒီနောက် ဧပြီ ၂၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဟာ ဝဲရစ်ကျေးရွာအတွင်း ထပ်မံဝင်ရောက် လာပြီးနောက် ဒေသခံ ၃၀ကျော်ကို ဖမ်းဆီးပြီး ဝဲရစ်ကျေးရွာဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ဟာ ပြည်သူ့စစ်အဖွဲ့တွေ ရှင်းလင်းခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျေးရွာဒေသခံဟာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုက်လံဖမ်းဆီးနေတာပါ။
ဖမ်းဆီးထားတဲ့ ဒေသခံတွေကို ပြန်လွှတ်စေချင်ရင် ပိုက်ဆံနဲ့လာပြန်ရွေးဖို့ စစ်ကောင်စီဘက်က သတင်းလွှင့်ထားတယ်လို့ သရက်ချောင်းဒေသခံတစ်ဦးက ဆိုပါတယ်။စစ်ကောင်စီတပ်က ဒေသခံတွေကို အင်အားအလုံးအရင်းနဲ့ လိုက်လံဖမ်းဆီးနေတာကြောင့် ရငဲရွာနဲ့ဝဲရစ်ကျေးရွာက ဒေသခံအများစုဟာ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတာပါ။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း ရငဲကျေးရွာအတွင်း စစ်ကြောင်းထိုးလာပြီးနောက် ဒေသခံရွာသာ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ