A volunteer tests the blood pressure of a coronavirus (COVID-19) patient in the town of Kale, Sagaing Region, Myanmar, July 6, 2021. REUTERS/Stringer

ရန်ကုန်၊ ဧပြီ(၂၅)

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ပြည်တွင်းကူးစက်မှု ဧပြီလဆန်းမှာ အနည်းငယ်မြင့်တက်လာခဲ့ပြီး သင်္ကြန်ကာလအလွန် ဧပြီတတိယပတ်မှာတော့ ကိုဗစ်ရောဂါအတည်ပြုလူနာ ၁၉၀ နီးပါး ရှိလာတယ်လို့ စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီ ၁၇ ရက်ကနေ ဧပြီ ၂၃ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာ ၁၈၉ ဦးအထိရှိခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ကိုဗစ်အတည်ပြုလူနာ ၁၈၉ ဦးထဲမှာ သေဆုံးလူနာမရှိပေမယ့် ပြည်ပကနေ ဝင်ရောက်လာသူ ၇၂ ဦးနဲ့ ကျန် ၁၁၇ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပွားသူတွေလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရ ပါတယ်။

ကိုဗစ်မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB 1.16 ကူးစက်ပြန်ပွားမှုအားဟာ အရင်ကတွေ့ရှိခဲ့တဲ့ ဗီဇပြောင်းပိုးထက် ၁ ဒဿမ ၂၇ ဆအထိ ပိုမိုမြန်ဆန်ပေမယ့် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံယူမှုနဲ့ သေဆုံးမှုပိုမိုမြင့်မားခြင်းမရှိဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဆရာဝန်တစ်ဦးကတော့ လက်ရှိကိုဗစ်ကူးစက်မှုနှုန်းဟာ အသက်အန္တာရယ် မစိုးရိမ်ရပေမယ့် ရောဂါ ပိုးကူးစက် မှု မတရားများလာရင် ပြင်းထန်မှုရှိလာနိုင်ပြီး အသက်အန္တရာယ် ကြုံလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လတ်တလောမှာတော့ ပြင်ပဆေးခန်းတွေမှာ လာရောက်ပြသတဲ့ လူနာတွေဟာ ကိုဗစ်လက္ခဏာဆင်တူ ကိုယ် လက်နာတာ၊ ခေါင်းကိုက်တာအပြင် ၃ ရက်ကနေ ၅ ရက်လောက်အထိ ဖျားပြီး ပြင်းထန်မှုမရှိဘဲ ပျောက်ကင်းသွားပေမယ့် ရိုးရိုးရာသီအဖျားလား၊ ကိုဗစ်အဖျားလားဆိုတာ မခွဲခြားနိုင်ဘူးလို့ အဲဒီဆရာဝန်က ရှင်းပြပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ပြည်သူတွေအနေနဲ့ လူစုလူဝေး ရှောင်ကျဉ်ကြဖို့နဲ့ အခမဲ့ထိုးနှံပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီး ထပ်ဆောင်းကာကွယ်ဆေးကို နီးစပ်ရာ ကျန်းမာရေးဌာနတွေမှာ မပျက်မကွက် ထိုးနှံကြဖို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စတင်ဖြစ်ပွားချိန်ကနေ အခုနှစ် ဧပြီ ၂၃ ရက်နေ့အထိ ရောဂါပိုး ကူးစက်ခံရသူ အတည်ပြုလူနာပေါင်း ၆၃၄,၀၀၀ ကျော်အထိ ရှိခဲ့ပြီး သေဆုံးသူ ၁၉,၄၀၀ ကျော် ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Reuters

All reactions:149149

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.