နိုင်ငံမတည်ငြိမ်သေးဘူးလို့ အကြောင်းပြပြီး အရေးပေါ်အခြေအနေကို အကြိမ်ကြိမ်သက်တမ်းတိုး၊ သာမာန်မဟုတ်သော အခြေအနေဆိုပြီး ဥပဒေကို လက်တစ်လုံးခြားလုပ် အာဏာသက်တမ်းကို ဆွဲဆန့်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲမယ်ဆိုတဲ့ မက်လုံးကို ယုံစားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီမှတ်ပုံတင်ခဲ့ကြပါတယ်။


နိုင်ငံ့သမိုင်းကို ပြန်ကြည့်ရင် စစ်ခေါင်းဆောင်တွေဟာ ဘယ်တုန်းကမှ ကတိတည်ခဲ့တာကို မတွေ့ရပါဘူး။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ်၊ အနိုင်ရပါတီကို အာဏာလွှဲမယ် စစ်တပ်ကတော့ စစ်တန်းလျားပြန်မယ်ဆိုတဲ့ အဲ့ဒီတုန်းက စစ်ခေါင်းဆောင် စောမောင်က ပြောခဲ့ပါတယ်။


ဒါပေမယ့် အာဏာလွှဲမပေးဘဲ တိုင်းပြည်ကို စစ်ဖိနပ်အောက်မှာ နှစ် ၂၀ ဖိနှိပ်ခဲ့ပါတယ်။ စစ်တန်းလျားပြန်မယ်ဆိုတဲ့ စစ်သားတွေဟာလည်း တန်းလျားမပြန်ဘဲ အခုဆိုရင် ပြည်သူ့အိုးအိမ်တွေကို ရွာစဉ်လှည့် မီးရှို့နေတာပါ။ 


အဏာရှင် လက်သစ် မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒနဲ့ ရွေးချယ်လိုက်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမယ်လို့ ရွေးကောက်ပွဲနေ့က ကမ္ဘာကိုလူသိရှင်ကြား ပြောခဲ့ပါတယ်။ တကယ်တမ်းမှာတော့ တိုင်းပြည်အာဏာကို လက်နက်နဲ့ ဓါးပြတိုက်သိမ်းယူခဲ့ပြီး အာဏာသက်တမ်းကို အကြိမ်ကြိမ်ဆွဲ့ဆန့်နေခဲ့ပါတယ်။ 


စစ်ကောင်စီဦးဆောင်လုပ်ပေးမယ့် ရွေးကောက်ပွဲဟာ ဘယ်နေ့ဘယ်အချိန်မှာ ဖြစ်လာမယ်ဆိုတာကို မှန်းဆလို့မရပါဘူး၊ ဒါ့အပြင် ရွေးကောက်ပွဲလုပ်ပြီး အာဏာလွှဲမယ်ဆိုတဲ့ စစ်ခေါင်းဆောင်ရဲ့စကားဟာ ဘယ်လောက်ယုံကြည်ထိုက်တယ်ဆိုတာ သမိုင်းအချက်အလက်တွေနဲ့ လက်တွေ့လုပ်ရပ်တွေအရ မှန်းဆကြည့်နိုင်ပါတယ်။ 


စစ်ဖိနပ်အောက် တိုးဝင်သွားတဲ့ပါတီများ


ရွေးကောက်ပွဲကျင်းပမယ့်အချိန် မသေချာ မရေရာမှုတွေရှိနေသေးသည့်တိုင် ပါတီရပ်တည်ရေးနဲ့ နိုင်ငံရေးပြဿနာကို ရွေးကောက်ပွဲကနေတစ်ဆင့် ဖြေရှင်းဖို့ အကြောင်းပြချက်နဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ထားပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ဒီလိုမှတ်ပုံတင်တဲ့ ပါတီတွေဟာ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တယ်လို့ ထောက်ပြပါတယ်။  
“ဒါဟာ စစ်ကောင်စီကို အသိအမှတ်ပြုနေတယ်၊ စစ်ကောင်စီဦးဆောင်တဲ့ ရွေးကောက်ပွဲကို အသိအမှတ်ပြုနေတဲ့ အဖွဲ့အစည်းတွေ။ အဲဒီ (နိုင်ငံရေးပါတီ) အဖွဲ့အစည်းတွေလောက်ပဲ ပါဝင်ခွင့်ရှိမယ့် ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာတော့ သေချာပါတယ်” လို့ဆိုပါတယ်။ 


ဦးသန်းစိုးနိုင်ရဲ့ ပြောဆိုချက်အရ ဒီပါတီတွေဟာ စစ်ဖိနပ်အောက်တိုးဝင်သွားတာလို့ တနည်းအားဖြင့် အဓိပ္ပါယ်ဖွင့်နိုင်ပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက် ယနေ့အချိန်အထိ ပြည်သူပေါင်း ၄,၀၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး သောင်းနဲ့ချီ ထောင်သွင်းအကျဉ်းချထားပါတယ်။ 
ဒီအခြေအနေမှာ စစ်ကောင်စီဦးစီးမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးမျှတမယ်လို့ လုံးဝမပြောနိုင်တဲ့အခြေအနေပါ။

 နိုင်ငံတကာအသိုင်းအဝန်းနဲ့ လေ့လာသူတွေကလည်း အာဏာကို လက်နက်ပြသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲဟာ အတုအယောင်သာ ဖြစ်လိမ့်မယ်လို့ ဆိုထားကြပါတယ်။


ပါတီမှတ်ပုံပြန်တင်ပြီး ပြည်ထောင်စုတစ်ဝန်းလုံးကို စည်းရုံးမယ့် နိုင်ငံရေးပါတီတွေထဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီ၊ ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့လည်း ပါဝင်ပါတယ်။


မှတ်ပုံပြန်တင်တဲ့ ပါတီများရဲ့ သမိုင်းကို ခြေရာပြန်ကောက်ခြင်း


UEC ထံ ပထမဦးဆုံး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဟာ နအဖအစိုးရ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက် ဖွဲ့စည်းထားတဲ့ အသင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲခဲ့တဲ့ပါတီဖြစ်ပါတယ်။


မြန်မာတစ်နိုင်ငံလုံး နာဂစ်ဒဏ်ခံစားခဲ့ရတဲ့ ၂၀၀၈ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာ ပထမဆုံးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ USDP ပါတီက စစ်ယူနီဖောင်းဝတ်တွေဟာ အရပ်သားအစိုးရ ဖြစ်လာခဲ့ပါတယ်။ 

လက်ရှိမှာလည်း USDP ပါတီကို အာဏာရှင်လက်သစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျောထောက်နောက်ခံပေးထားပြီး စစ်တပ်ရာရှိဟောင်းတွေ ကြီးစိုးနေဆဲဖြစ်တဲ့ ပါတီလည်းဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ မပြောပလောက်တဲ့ ရာခိုင်နှုန်းသာ အနိုင်ရခဲ့တဲ့ ပါတီလည်းဖြစ်ပါတယ်။


တစညပါတီလို့ လူသိများတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကတော့ လူထုအရေးတော်ပုံ မပေါ်ပေါက်ခင် တစ်ပါတီအာဏာရှင်စနစ် ကျင့်သုံးတဲ့ကာလတုန်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ ၁၉၈၈ ခုနှစ် စက်တင်ဘာမှာ ပါတီအမည် ပြောင်းလဲခဲ့တာပါ။

တစညပါတီအနေနဲ့ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အမတ် ၁၀ နေရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ စုစုပေါင်း လွှတ်တော်အမတ် ၆ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ် ပယ်ဖျက်ခံထားရတဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာတော့ တစ်နိုင်ငံလုံးအနှံ ဝင်ပြိုင်ခဲ့ပေမယ့် မဲဆန္ဒနယ် တစ်နေရာမှ အနိုင်မရရှိခဲ့ပါဘူး။


ပြည်သူ့အကျိုးပြု ကျောင်းသားများပါတီကတော့ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မိုက်ကယ်ကျော်မြင့်ရဲ့ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီနဲ့ ပူးပေါင်းပြီး ပါတီအမည်မပြောင်းဘဲ မှတ်ပုံတင်ထားတာပါ။ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၂၄ နေရာ ဝင်ပြိုင်ခဲ့ပေမယ့် တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။


၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ ပါတီဖျက်သိမ်းခံထားရတဲ့ နှင်းဆီပါတီအဖြစ် နာမည်ကြီးခဲ့တဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီဟာ ပြည်ထောင်စုဒီမိုကရက်တစ်ပါတီအမည်နဲ့ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပါတယ်။ 

နှင်းဆီပါတီရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ တာဝန်ခံတွေက ပါတီအမည်ကို ပြောင်းလဲမှတ်ပုံတင်ထားတာဖြစ်တယ်လို့ နိုင်ငံရေးပါတီ အသိုင်းအဝိုင်းကနေ သိရပါတယ်။


ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှု၊ ငွေကြေးခဝါချမှုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှာ ဖမ်းဆီးခဲ့ပြီး ပါတီကို နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ကြေညာခံခဲ့ရတဲ့ ပါတီဖြစ်ပါတယ်။


ကျားဖြူပါတီလို့ ခေါ်ကြတဲ့ ရှမ်းနဲ့တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကလည်း တိုင်း ၅ ခုနဲ့ ရှမ်းပြည်နယ်ရှိ မြို့နယ်ပေါင်း ၂၀၆ မြို့နယ်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ်လို့ ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။  ဝင်ပြိုင်မယ့် မဲဆန္ဒနယ်အဖြစ် နေပြည်တော် ကောင်စီနယ်မြေအပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ ဖြစ်ပါတယ်။


စိုင်းအိုက်ပေါင်းဟာ စစ်ကောင်စီလက်ထက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့ကနေ ပြီးခဲ့တဲ့နှစ် ဧပြီမှာ မဲပေးရွေးချယ်ခဲ့တဲ့ အလုပ်အဖွဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ 


ပါတီအနေနဲ့ အစိုးရဖွဲ့နိုင်ဖို့၊ မဲဆန္ဒနယ်အပြည့် ဝင်ရောက်ယှဉ်ပြိုင်ဖို့၊ ပါတီဝင်အင်အား စုဆောင်းဖို့အပါအဝင် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ စတဲ့ ရှေ့လုပ်ငန်းစဉ် (၈)ရပ် ကို ချမှတ်လုပ်ဆောင်သွားမယ်လို့ ကျားဖြူပါတီက ဆိုပါတယ်။


၈၈ လူထုအရေးတော်ပုံလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီနဲ့ စစ်ကောင်စီမှာ လူကယ်ပြန်ဝန်ကြီးအဖြစ် ထမ်းဆောင်နေတဲ့ NLD အမတ်ဟောင်း ဒေါက်တာ သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီတို့လည်း မှတ်ပုံတင်ထားကြပါတယ်။ 


ပြည်သူ့ပါတီကိုတော့ NLD အမတ်ဟောင်း မအူပင် ဦးစိန်ဝင်းရဲ့ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဟာ ပြည်သူ့ပါတီနဲ့ ပူးပေါင်းလိုက်ပြီး ဦးကိုကိုကြီးကပါတီကို ဆက်လက် ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ 


ဒီအထဲမှာ ၂၀၁၀ မှာ NLD ခေါင်းဆောင်ဟောင်း ဦးခင်မောင်ဆွေ တည်ထောင်တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ (NDF) ဟာလည်း ပြည်ထောင်စုတစ်ဝန်းလုံး ပါဝင်ယှဉ်ပြိုင်မယ်လို့ ဆိုထားပါတယ်။

တိုင်းရင်းသားပါတီတွေအတွက် တင်းကျပ်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေ


နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုတဝန်းလုံးစည်းရုံးမယ့် ပါတီဖြစ်ရင် ပါတီမှတ်ပုံတင်တဲ့ရက်ကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀ ရှိရမှာဖြစ်သလို ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ရှိရမယ်လို့ ပြဌာန်းထားပါတယ်။

အလားတူ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမယ့်ပါတီဆိုရင် ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ရှိရမှာဖြစ်ပြီး ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုမှာ ငွေစာရင်း ဖွင့်လှစ်ပြီးတဲ့ အထောက်အထားရှိရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့ရက်ကစပြီး ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီအနေနဲ့ ရက်ပေါင်း ၁၈၀ အတွင်း တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ရုံးခန်းဖွင့်လှစ်ရမယ်လို့ ဆိုပါတယ်။


တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းမှာသာ စည်းရုံးမယ့် ပါတီဆိုရင်လည်း ရက်ပေါင်း ၁၈၀ အတွင်း တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်းဖွင့်လှစ်ရမယ်လို့ ပြဌာန်းထားတာပါ။


ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသားနိုင်ငံရေးပါတီ အမြောက်အများ ဝင်ပြိုင်နိုင်ခဲ့ကြပေမယ့် အခု ပြဌာန်းလိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေကြောင့် ပါတီဝင်အင်အားစုဆောင်းနိုင်မှု၊ ဘဏ္ဍာရေးအခြေအနေ၊ ရုံးခန်းဖွင့်နိုင်မှု စတဲ့ကန့်သတ်ချက်တွေကြောင့် တိုင်းရင်းသားပါတီတွေအတွက် အခက်တွေ့စေခဲ့ပါတယ်။

တိုင်းရင်းသားအရေးလေ့လာသူတစ်ဦးက “ကံကောင်းလို့ ရွေးကောက်ပွဲမှာ ရွေးကောက်ခံခဲ့ရရင်တောင် PR စနစ်ကြောင့် ကြံ့ခိုင်ရေးပါတီကြီးတွေနဲ့ ကိုယ်စားလှယ်ခွဲဝေမှုတွေ လုပ်ရဦးမယ်။ ဆိုတော့ ဒီလူနည်းစုတိုင်းရင်းသား နိုင်ငံရေးပါတီအတွက်တော့ လုံးဝအဆင်မပြေတဲ့ ရွေးကောက်ပွဲကန့်သတ်ချက်တွေဟာ ဒီမိုကရေစီစနစ်နဲ့လည်း လုံးဝကိုက်ညီမှု မရှိဘူး၊ ဖက်ဒရယ်စနစ်ဆိုရင်တောင် ပိုလို့တောင် ဝေးသွားပြီ” လို့ ပြောပါတယ်။


စစ်ကောင်စီ ဦးဆောင်မယ့် ရွေးကောက်ပွဲ ဘာတွေများ မျှော်လင့်နိုင်မလဲ


သမိုင်းမှာ ၁၉၉၀ မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အာဏာရှင်စနစ်နဲ့ အစားထိုးကာ နိုင်ငံကို နှစ် ၂၀ ကျော် ဗိုလ်ကျခဲ့ပါတယ်။ 
နှစ် ၃၀ အကြာ ၂၀၂၀ ခုနှစ်မှာ လုပ်တဲ့အထွေထွေရွေးကောက်ပွဲကိုလည်း မဲစာရင်းမှားတယ်ဆိုပြီး လက်နက်ပြ အာဏာသိမ်းခဲ့ပြန်ပါတယ်။ ဒီတစ်ခေါက်မှာကော ဒီလိုသန္ဓေရှိတဲ့ စစ်တပ်ဆီက တည်ကြည်တဲ့ ကတိရနိုင်ဖို့ ရာခိုင်နှုန်း အတော်နည်းနေဦးမှာပါ။


အဆိုးဆုံးအဖြစ် နိုင်ငံမတည်ငြိမ်သေးဘူးအကြောင်းပြပြီး အာဏာသက် ဆက်ရှည်အောင် ဆွဲဆံ့နေတာပါပဲ။ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲဟာလည်း ဘယ်အချိန်မှာဖြစ်လာမယ်ဆိုတဲ့ အချိန်ကာလ ကန့်သတ်ချက် မရှိပါဘူး။

ရွေးကောက်ပွဲဖြစ်လာသည့်တိုင် ပေါ်ပေါက်လာတဲ့အစိုးရဟာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ အရပ်သားတစ်ပိုင်းအစိုးရနဲ့ လွှတ်တော်ဟာလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေကြီးစိုးတဲ့ ၂၀၁၀ ကနေ ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းမျိုးပဲ ပြန်သံသရာလည်လာဦးမှာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လေ့လာသူတွေကတော့ ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီးမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာမဟုတ်ဘူးလို့ ကြိုတင်ဟောကိန်းထုတ်ထားကြပါတယ်။


ပါတီမှတ်ပုံတင်ထားတဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှကတော့ “လောလောဆယ်မှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးတွေအတွက်၊ ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသား လူမျိုးတွေအတွက် နိုင်ငံရေးအရ ရပ်တည်ဆောင်ရွက်ဖို့ လိုအပ်နေတယ်။ အဲဒီလိုအပ်နေတဲ့ အခြေအနေပေါ်မှာ မူတည်နေတဲ့အတွက် နိုင်ငံရေးပါတီကို သက်တမ်းတိုးပြီး မှတ်ပုံတင်ရတာ ဖြစ်တယ်” လို့ ဆိုပါတယ်။


မအောင်မြင်ခဲ့တဲ့ NLD နဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကြိုးပမ်းချက်


ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်နဲ့ ပါတီခေါင်းဆောင်တွေ၊ ပါတီဝင်တွေ အဖမ်းခံထားရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဥပဒေသစ်ကြောင့် ပါတီအဖြစ်ကနေ ပျက်ပြယ်သွားခဲ့ပါတယ်။


၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဆန့်ကျင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်လမ်းကြောင်းကနေ ဝင်ရောက်မှသာ ပြင်ဆင်နိုင်မယ်လို့ စဉ်းစားတဲ့အတွက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကနေ စတင်ဝင်ရောက်ခဲ့ပါတယ်။
တိုင်းရင်းသားအရေးနဲ့ ငြိမ်းချမ်းရေး၊ တိုင်းရင်းသားတစ်ရပ်လုံးအတွက် အာမခံချက်ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်းရေးဆိုတဲ့အချက်တွေပါဝင်တဲ့ ကြေညာစာတမ်းနဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ပါတယ်။


အဲဒီနောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရသက်တမ်း ၂၀၁၆ ကနေ ၂၀၂၀ အတွင်း အမျိုးသားရင်ကြားစေ့ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ဟာ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ NLD အမဲအပြတ်အသတ်အနိုင်ရရှိခဲ့ပေမယ့် ရွေးကောက်ပွဲမှာ မဲစာရင်းမှားတာအကြောင်းပြပြီး နိုင်ငံ့အာဏာအရပ်ရပ်ကို စစ်တပ်က လက်နက်အားကိုးနဲ့ သိမ်းယူထားခဲ့တာပါ။ 


NLD ရဲ့ ဖွဲ့စည်းပုံ ဖွဲ့စည်းပုံပြင်ဆင်ရေး မအောင်မြင်ခဲ့ပေမယ့် အာဏာသိမ်းခြင်းရဲ့အကျိုးဆက်အဖြစ် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး လက်နက်ကိုင်တိုက်ပွဲတွေ အားကောင်းလာနေပြီး အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း (EROs) တွေလည်း ဒီတော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြပါတယ်။
တိုင်းရင်းသားပါတီတွေကြားမှာ သမိုင်းအစဉ်အလားကြီးမားပြီး အင်အားတောင့်တင်းတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဟာလည်း ပါတီမှတ်ပုံပြန်မတင်ဘဲ လွှတ်တော်ပြင်ပ နိုင်ငံရေးလုပ်ဖို့ကိုသာ ဆုံးဖြတ်လိုက်တယ်လို့ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ဆိုပါတယ်။


“ရွေးကောက်ပွဲမဝင်တဲ့ အစုအဖွဲ့တစ်ခုအနေနဲ့လည်း နိုင်ငံရဲ့ အရေးကိစ္စတွေမှာ ထည်ထည်ဝင်ဝင် လုပ်ဆောင်နိုင်တဲ့အပိုင်းတွေ အများကြီးကျန်ပါတယ်။ နိုင်ငံရေးတည်ဆောက်မှု လုပ်ငန်းကိစ္စတွေပဲ ဖြစ်ဖြစ်၊ ပြည်သူလူထုရဲ့ အခက်အခဲတွေကို တိုက်ရိုက်အကူအညီပေးတဲ့ ကိစ္စမျိုးတွေမှာ ဝင်ရောက်ပါဝင်တာပဲ ဖြစ်ဖြစ်။နောက် ကျွန်တော်တို့ နိုင်ငံအတွက် လိုအပ်နေတဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီသွားရာလမ်းကြောင်းအတွက် သုတေသနပြုတဲ့ လုပ်ငန်းတွေမှာပဲ ဖြစ်ဖြစ် ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ပါသေးတယ်” လို့ သူက ပြောပါတယ်။

မည်သို့ပင်ဆိုစေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ခေါင်းဆောင်ရဲ့ ထောက်ခံချက်နဲ့ လွှတ်တော်ထဲမှာ  ၂၅ ရာခိုင်နှုန်း ထိုင်ခုံရထားတာလည်း စစ်တပ်ဖြစ်ပါတယ်။ 
အခုရွေးကောက်ပွဲ ပြန်လုပ်မယ်ဆိုပြီး ဦးဆောင်တာလည်း စစ်တပ်ဖြစ်ပါတယ် ဒီလို အနိုင်ကျင့် ဗိုလ်ကျခဲ့၊ ဗိုလ်ကျနေတဲ့ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။


ဒါ့အပြင် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ အစိုးရကလည်း စစ်တပ် ခေါင်းကိုင်ချယ်လှယ်မယ့် အစိုးရဖြစ်သလို ပေါ်ပေါက်လာမယ့် လွှတ်တော်ဟာလည်း စစ်တပ်ကြီးစိုးတဲ့ လွှတ်တော်ဖြစ်လာပြီး စစ်ဖိနပ်အောက် ထပ်ရောက်ကြရဦးမှာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ “ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်တဲ့ ပါတီအားလုံးက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကို ခေါင်းတိုးဝင်ပြီးတော့ အဆိုးကျော့သံသရာ ပြန်လည်စေမယ့် စစ်အုပ်စု သက်ဆိုးရှည်စေမယ့် ကိစ္စဖြစ်တယ်”လို့ မှတ်ချက်ပြုပါတယ်။

ဒီအခြေအနေမှာ မှတ်ပုံတင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေကတော့ လွှတ်တော်စင်မြင့်ရောက် မရောက် မသေချာပေမယ့် စစ်ဖိနပ်အောက် ရောက်သွားတာတော့ သေချာပါတယ်။


“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ဆက်ကိုင်ပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုတော့ စစ်တပ်ပါဝင်နေတဲ့ နိုင်ငံရေးစနစ်ကို ပြန်ပြီး အသက်သွင်းတဲ့ သဘောပါပဲ။ဒါဟာ စစ်တပ်အတွက် ထွက်ပေါက်တစ်ခုဆိုတာထက် ဘာမှမျှော်လင့်စရာ အကြောင်းမရှိပါဘူး။ ဘာအကူးအပြောင်းကာလ၊ တရားမျှတမှုတို့လည်း ဖြစ်လာနိုင်စရာအကြောင်း မရှိတော့ဘူး” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆိုပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.