မြဝတီ၊ ဧပြီ(၂၅)

လေပြင်းတိုက်ခတ်မှုကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းအနီးနေထိုင်နေတဲ့ လေးကေ့ကော် စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တွေထိခိုက်ပျက်စီးသွားတာကြောင့် နေထိုင်ရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ လေးကေ့ကော်လူငယ်ကွန်ရက်အဖွဲ့က ထုတ်ပြန်ပါတယ်။

ဧပြီ(၂၃)ရက်နေ့ ညနေပိုင်းအချိန်က လေပွေ၊ လေပြင်းတွေ တိုက်ခိုက်ခဲ့တဲ့အတွက် သောင်းရင်းမြစ်ကမ်းအနီးမှာရှိတဲ့ လေးကေ့ကော်စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ ပလောတပိုစစ်ရှောင်စခန်းက နေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့တာပါ။

လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူတွေအတွက် နေအိမ်အဆောက်အဦးတွေနဲ့ တကိုယ်ရေသုံးပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ လိုအပ်တယ်လို့ လေးကေ့ကော်လူငယ်ကွန်ရက်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် လေးကေကော်ဒေသခံပြည်သူတွေဟာ လေးကေကော်မြို့သစ်ကနေတစ်ဆင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်နေရာအနီးက နေရာတွေမှာ (၁)နှစ်ကျော်ကြာ ထွက်ပြေးတိမ်းရှောင် ယာယီနေထိုင်ခဲ့ရတာပါ။

လေးကေ့ကော်စစ်ဘေးရှောင်တွေ ယာယီခိုလှုံနေထိုင်တဲ့ ပလောတပိုစစ်ရှောင်စခန်းဆီကို ပြီးခဲ့တဲ့ ဧပြီလအစောပိုင်းရက်တွေက မြဝတီမြို့နယ် မဲကနယ်ဒေသတိုက်ပွဲကြောင့် မဲကနယ်ဒေသစစ်ဘေးရှောင်တွေဟာလည်း ထပ်မံရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ပလောတပိုစစ်ရှောင်စခန်းဆီကို လတ်တလောရောက်ရှိလာနေတဲ့ မဲကနယ်ဒေသခံစစ်ရှောင်တွေ နေထိုင်ဖို့အတွက် တဲအိမ်အဆောက်အဦးတွေကို ထပ်မံဆောက်လုပ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့လည်း လေးကေ့ကော်လူငယ်ကွန်ရက်အဖွဲ့က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ တပ်မဟာ ၆ နယ်မြေ လေးကေကော်မြို့သစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေကြောင့် လေးကေ့ကော်ဒေသခံ စစ်ရှောင် ပြည်သူတွေဟာ နယ်စပ်သောင်ရင်းမြစ်ကမ်းအနီးတစ်ဝိုက်မှာ ယာယီနေထိုင်ခဲ့ရတာဖြစ်ပြီး ဒီကနေ့အချိန်အထိ နေရပ်ကို မပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ – Lay Kay Kaw Youth Network

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.