မော်လမြိုင်၊ ဧပြီ(၂၅)

မွန်ပြည်နယ်မှာ ဆားဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး အရှုံးပေါ်နေတာကြောင့် ဆားရာသီမကုန်ခင်မှာပဲ နေလှန်းဆားကွင်းတွေ ပိတ်သိမ်းတာတွေ ရှိလာတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆားဈေးနှုန်းဟာ သင်္ကြန်မတိုင်မီ ဆားကြမ်းရိုးရိုး တစ်ပိဿာကို ကျပ်(၁၆၀) ဝန်းကျင်ရှိရာကနေ သင်္ကြန်ကာလအလွန်မှာတော့ တစ်ပိဿာကို ကျပ်(၁၁၀) ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းသွားတာ ဖြစ်ပါတယ်။

ဆားဈေးနှုန်း ဆက်တိုက်ကျဆင်းနေတာကြောင့် ဆားတောင်သူတွေဟာ ဆားရာသီမကုန်ခင်မှာပဲ ဆားကွင်းတွေ ပိတ်သိမ်းတာတွေရှိသလို တချို့ဆားကွင်းတွေကတော့ ထုတ်လုပ်မှုထက်ဝက်နီးပါး လျှော့ချလာကြပါတယ်။

ဆားတောင်သူတစ်ဦးကတော့ ရာသီဥတုကောင်းမွန်ပြီး ဆားအထွက်နှုန်း တိုးလာပေမယ့် ဈေးနှုန်း ဆက်တိုက် ကျဆင်းလာတာ၊ ထုတ်လုပ်မှုကုန်ကျစရိတ် အဆမတန်မြင့်တက်နေတဲ့အတွက် လုပ်ငန်းတွေရပ်နားလာရ တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ဆားဈေးနှုန်းက တစ်ခါတည်း မိုးမရွာတဲ့အခါကျတော့ ဆားအထွက်ကောင်းတဲ့အခါ ဈေးမရှိ တော့ဘူး။ တစ်ပိဿာ(၁၀၀)တောင် ဝယ်တဲ့သူမရှိဘူး။ အဲဒါအလုပ်သမား ကျွန်တော်တို့မှာ အခက်အခဲရှိတယ်။ နောက်ပြီးတော့ စက်ဆီ၊ ချောဆီက ဈေးတွေများတယ်။ မတန်တဆဖြစ်နေတယ်၊ အလုပ်သမား ခေါ်တာလည်းပဲ အပူချိန်များတဲ့အခါကျတော့ အလုပ်သမားတွေ မလုပ်နိုင်ဘူး။ အခက်အခဲတွေက ရှိတာပေါ့၊ (၁၀၀)ဈေးဆို ကျွန်တော်တို့ကလည်း ထုတ်လုပ်မှုစရိတ်ထက်ကို လျော့တဲ့အခါကျတော့ ကျွန်တော်တို့ မရောင်းနိုင်၊ မရောင်းနိုင်တဲ့အခါ ဆားတွေကလည်းပဲ ကွင်းထဲမှာလျှံနေတယ်။ ဂိုဒေါင်ပြည့်နေကြတယ်၊ ကျွန်တော်တို့က ဆားကိုမထုတ်လုပ်တော့ပဲနဲ့ ဆားကိုဆားရည်ပဲ မွေးတော့တယ် အခု။ တချို့ဆိုလည်း သိမ်းကုန်ပြီ။ မလုပ်တော့ဘူးပေါ့။ ထားစရာမရှိတော့လို့လေ ဆားက”လို့ ဆိုပါတယ်။

မွန်ပြည်နယ်ဟာ နေလှန်းဆားကို နှစ်စဉ်အောက်တိုဘာလကနေ မေလအလယ်ထိ လုပ်ကိုင်ကြတာ ဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားရာသီမကုန်မီမှာပဲ လုပ်ငန်းတွေ ရပ်နားလာရတာ ဖြစ်ပါတယ်။ဒီနှစ်ဆားရာသီမှာတော့ ဆားထွက်ရှိနှုန်း သိသိသာသာ မြင့်တက်လာပေမယ့် ဈေးကွက်အတွင်း ဆားဈေးနှုန်း ဆက်တိုက်ကျဆင်းနေတာ၊ ဈေးနှိမ့်ဝယ်ယူခံရတာ၊ ဝယ်လက်နည်းပါးနေတာကြောင့် ဆားတောင်သူအများစု နာလန်မထူနိုင် ဖြစ်နေရတာပါ။

ဆားတောင်သူတစ်ဦးကလည်း အရင်နှစ်ထက် ဆားဈေးနှုန်း ၃ ပုံ ၂ ပုံကျော် ကျဆင်းသွားတာကြောင့် လာမယ့်နှစ်မှာ ဆားထုတ်လုပ်နိုင်ဖို့ အခြေအနေမကောင်းဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မနှစ်က (၂၀၂၂)မှာ ဧပြီလမှာဆိုရင် ဆားဈေးက (၃၅၀) (၃၃၀)မှာရှိနေတယ်။ဘာကြောင့်လဲဆိုတော့ မနှစ်ကလည်း ဆားမရကြဘူးလေ။ လာနီညာရာသီဥတုနဲ့ တစ်နွေလုံးမိုးနဲ့ရင်ဆိုင်နေရတော့ ဆားကမထွက်လာတော့ ဈေးကတအား မြင့်သွားတယ်။ ဒီနှစ်တော့ ဖျက်မိုးမရှိဘူး။ ဒီနောက်ပိုင်း နေအပူချိန်လည်းကောင်းတော့ တအားထွက်လာကြတယ်။ အဲဒီထွက်တဲ့အပေါ်မှာ ဈေးတွေကပြုတ်ကျသွားတာပေါ့။ မနှစ်ကဒီအချိန်က ဆားကမရဘူး ဈေးကကောင်းတယ်။ ဒီနှစ်က ဆားကအင်တိုက်အားတိုက်ရတယ်၊ ဈေးကမကောင်းပြန်ဘူး။ ဆားတောင်သူကတော့ ဈေးကျရင်တော့လည်း အခြေအနေမကောင်းဘူးပေါ့ဗျာ။ စရိတ်တွေက တက်တက်လာတာကို၊ ဒီအောက်ကို ကျသွားရင်တော့ လာမယ့်နှစ်အတွက် အခြေအနေမကောင်းဘူးလို့ ပြောရမှာပေါ့”လို့ ဆိုပါတယ်။

ဆားဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပေမယ့် ဆားကိုအသုံးပြုပြီး လုပ်ငန်းဆောင်ရွက်တဲ့ ကုန် ပစ္စည်းထုတ်လုပ်မှုတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ထုတ်လုပ်မှုတွေ လျှော့ချလာတာရှိသလို လုပ်ငန်းတချို့လည်း ရပ်နားထားတာတွေ ရှိတဲ့အတွက် ဆားအသုံးပြုမှု နည်းပါးလာတာ ဖြစ်ပါတယ်။

တဖက်မှာလည်း ဆားလုပ်ငန်းတွေဟာ အရင်နှစ်တွေက လာနီညာရာသီဥတုဒဏ်ကြောင့် အထွက်နှုန်းနည်းပြီး အရှုံးပေါ်ခဲ့တဲ့အတွက် ဒီနှစ်ဆားရာသီအစကတည်းက ဆားတောင်သူတချို့ လုပ်ငန်းတွေ လျှော့ချလုပ်ကိုင်ရတာတွေရှိသလို တချို့လုပ်ငန်းရှင်တွေကတော့ အပြီးပိုင်ရပ်နားတာတွေ ရှိနေတာပါ။

မွန်ပြည်နယ်မှာတော့ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အဓိကထုတ်လုပ်နေတာဖြစ်ပြီး နှစ်စဉ်ဆားတန်ချိန် (၄၀၀၀၀) ကျော် ထွက်ရှိနေတာဖြစ်ပြီး ထွက်ရှိလာတဲ့ ဆားတွေကိုတော့ ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – BNI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.