ဘားအံ၊ ဧပြီ(၂၅)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ စစ်ကောင်စီ မယ်စိထာဂိတ်စခန်းကို ဧပြီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ (၁)နဲ့ တပ်မဟာ (၅) ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ စကခ (၈) လက်အောက်ခံ အမှတ် (၄၀၁)ခြေမြန်တပ်ရင်း အထိုင်စခန်းတစ်ခုဖြစ်တဲ့ မယ်စိထာစစ်ဆေးရေးဂိတ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ဧပြီ ၂၄ ရက်နေ့ မနက် ၄ နာရီခွဲအချိန်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နာရီဝက်အတွင်း စခန်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဂိတ်စခန်း သိမ်းပိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်သား (၅) ဦး စခန်းအတွင်း သေဆုံးခဲ့ပြီး (၁၀) ဦးမှာ ဂိတ်စခန်းကို စွန့်ခွာထွက်ပြေး လွတ်မြောက်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
စခန်းတိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီထံကနေ ပစ္စတို သေနတ် (၁) လက်၊ K3 79 သေနတ် (၁) လက်၊ K3 သေနတ် (၃) လက်၊ ကျည်ဘောက် (၂၀) ခု၊ ကျည်ဆံ (၁၅၀၀) တောင့်ကို KNLA ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။
မယ်စိထာဂိတ်စခန်းဟာ KNU အုပ်ချုပ်နယ်မြေ တပ်မဟာ (၁)နဲ့ တပ်မဟာ (၅) ကြားမှာ တည် ဆောက်ထားပြီး အချက်အချာကျတဲ့ ဂိတ်စခန်းတစ်ခုဖြစ်သလို ခရီးသွားပြည်သူတွေကို စစ်ဆေးတာ၊ မတရားဖမ်းဆီးနှိပ်စက်တာ၊ စခန်းအတွင်းခေါ်ယူကာ လူသားဒိုင်းပြုလုပ်တာတွေကို ကျူးလွန်နေတဲ့ ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
မယ်စိထာဂိတ်စခန်း သိမ်းပိုက်တိုက်ပွဲကို KNLA ပူးပေါင်းတပ်ဖွဲ့မှ သထုံခရိုင်-KNLA အမှတ် (၁) တပ်မဟာဗျူဟာရုံးထိုင်မှူး ဗိုလ်ကြီးစောရမ်ဗိုနဲ့ မူတြော်ခရိုင် KNLA တပ်ရင်း (၁၀၂) ဒုတပ်ရင်းမှူး ဗိုလ်ကြီး ဗိုလ်တောတို့ ဦးဆောင်တာဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိဘူးလို့ KUN က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU