ဒီးမော့ဆို – ဧပြီ(၂၄)

ကယားပြည်နယ်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ဒေါတမကြီး ကျေးရွာအုပ်စုထဲက ကျေးရွာ (၃) ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ လကုန်ပိုင်းကစပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအကုန်ပိုင်းကနေ ဧပြီလဆန်းပိုင်းအထိ စစ်ကောင်စီက အဲဒီကျေးရွာ (၃) ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ စစ်ကောင်စီ တပ်သားတွေ ကိုယ်တိုင် ဝင်ရောက်ပြီးနောက် မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာပါ။

စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေမရှိတော့တဲ့ ဒေါတမကြီး၊ ဒေါညေးခူ၊နဲ့ တခြားရွာတစ်ခုက ပြည်သူပိုင်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ဒေသခံတွေရဲ့ စားနပ်ရိက္ခာတွေကို ယူဆောင်ပြီး သယ်ယူလို့မနိုင်တဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာတွေ အထိ လုပ်ဆောင်နေတယ်လို့ KSCC လူ့အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ ဦးဗညားက သံလွင်တိုင်းမ် ကိုပြောပါတယ်။

” ကျွန်တော်တို့ရရှိတဲ့သတင်းအချက်အလက်အရ စစ်ရှောင်ရှိတဲ့နေရာတွေ အထူးသဖြင့် ဒီတစ် ခေါက်တော့ ဒီမော့ဆိုအရှေ့ခြမ်းပေါ့နော်။ဒီးမော့ဆိုအရှေ့ခြမ်းမှာရှိတဲ့စစ်ရှောင်စခန်းတွေကို ဝင်ရောက်ဖျက်ဆီးတိုက်ခိုက်ဖို့အတွက်ဆိုပြီးတော့မှ ကျွန်နော်တို့ ကြားထားတာရှိတယ်။ တစ်လက်မရတစ်လက်မသိမ်းပါဆိုတဲ့ဟာတွေရှိတယ်။ယန္တယားတွေကိုဖျက်မယ်။လူထုတွေရဲ့ ပစ္စည်းဥစ္စာတွေကိုဖျက်ဆီးမယ်။စားနပ်ရိက္ခာတွေကိုဖျက်ဆီးမယ်။လူတွေကိုပါဖျက်မယ်ပေါ့ အဲ့ဒီလိုပုံစံမျိုးလုပ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာဖြစ်လို့လည်းဆိုတော့ စားနပ်ရိက္ခာတွေတချို့ သူတို့သယ်ပြန်တာရှိတယ်။သယ်လိူ့မရတဲ့ဟာတွေ မနိုင်တဲ့ဟာတွေကို သက်သက်မဲ့ဖောက်ချတာတွေ လမ်းဘေးမှာ လိုက်သွန်တာတွေပေါ့။နှမ်းတွေ၊မြေပဲတွေ၊စပါး တွေဆိုရင် ပျက်အောင်လို့ပေါ့ လိုက်ဖြူးတာတွေ၊ နောက်ဓာတ်ဆီနဲ့လောင်းတာတွေ၊မီးရှို့တာတွေ ကျွန်တော်တို့တွေ့ရပါတယ်။” လို့ ဦးဗညားက ပြောပါတယ်။

အဲဒီလို ပြည်သူတွေရဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာတွေကို စစ်ကောင်စီရဲ့ ခ.မ.ရ-၅၁၆၊ ခ.မ.ရ-၅၁၅ နဲ့ ခ.လ.ရ-၁၂ တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေ(၃)သိန်းလောက်ရှိတဲ့ ကယားပြည်နယ်မှာ ဒေသခံ (၂) သိန်းကျော် စစ်ဘေးရှောင်နေရပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီတွေလို အပ်နေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကယားပြည်နယ်မှာ မတ်လအတွင်း စစ်ကောင်စီကြောင့် ပြည်သူပိုင်နေအိမ် (၂၂၈) လုံး မီးလောင်ပျက်စီးခဲ့သလို ဘုန်းကြီးကျောင်း(၂)၊စာသင်ကျောင်း(၃)နဲ့ ဒေါတမကြီး တိုက်နယ်ဆေးရုံတို့ ပျက်စီးခဲ့ရတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကယားပြည်နယ်မှာ စစ်ကောင်စီကြောင့် ပြည်သူ (၁၀၅) ဦးသေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.