မင်းတပ် – ဧပြီ(၂၄)

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ခုခံတော်လှန်ခဲ့တဲ့ (၂) နှစ်တာအတွင်း CDF Mindat လက်ချက်နဲ့ စစ်ကောင်စီတပ်သား (၄၅၄) ဦးသေဆုံးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF Mindat က သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ ဧပြီလ(၂၄) ရက်နေ့မှာ ကျရောက်တဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ရဲ့ လက်နက်ကိုင်ခုခံ တော်လှန်ရေး (၂) နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ အသိပေးထားတာပါ။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ဧပြီလ(၂၄) ရက်နေ့က မင်းတပ်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ လူမဲ့ သပိတ် “NUG” စာတမ်း ရေးသားနေတဲ့ ပြည်သူ့ (၇) ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက်ပိုင်း ဒေသခံတွေဟာ ရရာ လက်နက်နဲ့ ပြန်လည်ခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့ CDF Mindat ရဲ့ ထုတ်ပြန်ချင်မှာ အသိပေးထားပါတယ်။

လက်နက်ကိုင်ခုခံတော်လှန်ရေးလုပ်ခဲ့တဲ့ (၂) နှစ်တာ ကာလအတွင်း စစ်ကောင်စီနဲ့ CDF Mindat တို့ကြား ထိတွေ့တိုက်ပွဲ (၂၁၈) ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (၅၅) ဦးဟာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အသက်ပေးခဲ့ရတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေပြင်စစ်ကြောင်းတွေကြောင့် ချင်းဒေသခံ (၁၀၁) ဦးသေဆုံးထားတယ် လို့ AAPP မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CDF Mindat

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.