မော်လမြိုင်၊ ဧပြီ(၂၀)

မွန်ပြည်နယ်အတွင်းက ရော်ဘာစိုက်သူတွေဟာ အခုနှစ်ရော်ဘာရာသီမှာ အပူချိန်လွန်ကဲတာအပြင် သွင်းအားစု ဓာတ်မြေသြဇာ မကျွေးနိုင်တာကြောင့် အထွက်နှုန်းထက်ဝက်နီးပါး ကျဆင်းခဲ့တဲ့အတွက် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရော်ဘာစိုက်တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစုဓာတ်မြေသြဇာဈေးနှုန်း ၄ ဆကျော် မြင့်တက်လာတာ၊ အထွက်နှုန်း သိသိသာသာကျဆင်းသွားတာ၊ အလုပ်သမားရှားပါးတာအပြင် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကြောင့် အရှုံးနဲ့ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ ရော်ဘာစိုက်တောင်သူတွေဟာ ရော်ဘာရာသီပိတ်သိမ်းတော့မယ့် ကာလတွေဖြစ်တဲ့ မတ်နဲ့ ဧပြီလတွေမှာ ရော်ဘာအထွက်နှုန်း ၇၀ ရာခိုင်နှုန်းထက်မနည်း ကျဆင်းသွားတာကြောင့် ပိုပြီးအထိနာခဲ့ရတာပါ။

ရော်ဘာတောင်သူတစ်ဦးကတော့ ရော်ဘာအထွက်နှုန်း သိသိသာသာကျဆင်းမှုဒဏ်ကြောင့် တောင် သူ နာလန်မထူနိုင်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရော်ဘာက အရင်နှစ်ကဆိုရင် ဒီအချိန်ဆို တစ်ဝက်လောက် လျော့သွားတယ်။ ဥပမာဗျာ (၂၂)ပြား ထွက်တဲ့ ခြံဆို (၁၁)ပြားလောက်ပဲကျန်တယ်။ အခုကျတော့ (၂၂)ပြားထွက်တဲ့ခြံက (၉)ပြား၊ (၈)ပြားလောက်ပဲ ထွက် တယ်၊ အထွက်နှုန်း ပိုလျော့တယ်၊ နောက်သူတို့က သွင်းအားစုဝဲပေါ့နော်။ ပြီးခဲ့တဲ့မိုးတွင်းက ဝဲမကျွေးနိုင်တဲ့ လူက (၃)ပုံ၊ ပုံရင် (၁)ပုံလောက်ပဲ ဝဲကျွေးနိုင်ပြီးတော့ (၂)ပုံလောက် ဝဲမကျွေးနိုင်တဲ့အပေါ်မှာလည်း မူတည်သွားတယ်။ နောက်ရာသီဥတုက အရမ်းပူတဲ့ဆီမှာလည်း ထွက်အားတွေလျော့တယ်။ အခုကဘယ်လို ဖြစ်နေလဲဆိုတော့ လုပ်သားက ဥပမာ(၅)သိန်းရရင် ခြံရှင်က တစ်ခါတလေကျရင် (၃)သိန်း (၄)သိန်း အဲဒီလောက်ပဲ ကျန်တယ်။ ထက်ဝက်မကဘူး လျော့သွားတယ်။ ခြံတွေကလေ အစေးထွက်နှုန်း ထက်ဝက်မကဘူး လျော့သွားတယ် အဲဒီလိုဖြစ်သွားတယ်။ အကျပ်အတည်းတွေကတော့ တွေ့တယ်၊ ဒီနှစ်တော်တော်ခက်ခဲတယ် အလုပ်လုပ်စားရတာ”လို့ ဆိုပါတယ်။

ရော်ဘာအထွက်နှုန်း သိသိသာသာကျဆင်းသွားပေမယ့် ရော်ဘာဈေးနှုန်းဟာ မျှော်မှန်းထားသ လောက် မတက်လာတာကြောင့် ရော်ဘာစိုက်တောင်သူအများစု ဝင်ငွေကျဆင်းပြီး အရှုံးပေါ်ခဲ့တာ ဖြစ်ပါတယ်။

ရော်ဘာအထွက်နှုန်း ကျဆင်းနေပေမယ့် ရော်ဘာဈေးနှုန်းဟာ တစ်ပေါင်ကို ကျပ် ၁၃၀၀ ဝန်းကျင်သာ ရရှိနေသလို ရော်ဘာရောင်းချရာမှာလည်း ဈေးနှိမ့်ခံရတာတွေရှိနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။

ရော်ဘာတောင်သူတစ်ဦးကလည်း ရော်ဘာအထွက်နှုန်း ကျဆင်းသွားတဲ့အတွက်ကြောင့် ခြံရှင်တချို့ ရာသီမကုန်ခင်မှာပဲ ခြံပိတ်တာတွေ ရှိလာတယ်လို့ ပြောပါတယ်။

“လက်ရှိရော်ဘာကတော့ ကျွန်တော်တို့ ပူပြင်းတဲ့ရာသီဥတုနဲ့အတူ အစေးတွေအထွက် နည်းသွားတာပေါ့နော်၊ ဒီလိုပဲ ရုန်းရတာပေါ့။ အလုပ်သမားတွေကိုလည်း ထိန်းရတယ်၊ ထိန်းရင်နဲ့အကျိုးအမြတ်ကို သိပ်ပြီးတော့ ရှေ့တန်းတင်ပြီး တွက်လို့ မရဘူးပေါ့။ အရှုံးကြီးရှိရင်တော့လည်း လုပ်လို့ကိုဘယ် လိုမှ မဖြစ်ဘူးလေ။ အခုက အ လုပ်သမားကို ပေးတဲ့အပြင် ကိုယ့်အတွက်က အမြတ်အစွန်းက တအားနည်းသွားတာပေါ့။ အဲဒီထဲမှာမှ အစေး ကောင်းတဲ့ ရော်ဘာမျိုးကို အခြေပြုထားသူတွေအနေနဲ့ကတော့ တော်သေးတာပေါ့။ ဒီအစေးထွက်မကောင်း တဲ့ အစေ့စိုက်မျိုးတွေကို စိုက်ထားရင်တော့ တော်တော်သိသိသာသာ ဆုံးရှုံးသွားတယ်။ အစေးသိပ်နည်းသွား တော့လည်း တချို့ခြံတွေကျတော့ ပိတ်ထားတယ်လို့ ခေါ်တာပေါ့နော်။ သူတို့ ခြံပိတ်လိုက်တယ်၊ ဒါအလုပ်သ မားအတွက်လည်း မကိုက်၊ ကိုယ့်အတွက်လည်း မကိုက်ဆိုတော့ အဲဒီလိုလေးတွေတော့ ပိတ်ထားတာရှိတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ ရော်ဘာအစေးခြစ် လုပ်ငန်းတွေကို နှစ်စဉ်စက်တင်ဘာလကနေ မေလလယ်အထိ လုပ်ကိုင်ကြတာဖြစ်ပြီး ထွက်ရှိလာတဲ့ ရော်ဘာတွေကိုတော့ ထိုင်းနဲ့ တရုတ်နိုင်ငံတွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ရော်ဘာကဏ္ဍဟာ စစ်ကောင်စီရဲ့ ပို့ကုန်သွင်းကုန် ကန့်သတ်ချက်တွေနဲ့အတူ ပို့ကုန်ဝင်ငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ရဲ့ သတ်မှတ်ဈေးနှုန်းအတိုင်း လဲလှယ်ပေးရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် အထိနာနေတာပါ။

မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ဧက (၅)သိန်းကျော်ရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော်ထွက်ရှိကာ ရော်ဘာကဏ္ဍကနေ အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းမှုဒဏ်ကို တခြားလုပ်ငန်းတွေနည်းတူ အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.