ကန့်ဘလူ၊ ဧပြီ(၂၀)
မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့အတူ ဘဝမလုံခြုံမှု ပြဿနာတွေကြောင့် ပြည်တွင်းနေ ရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေ ၁ ဒသမ ၈ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီ ၁၉ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်ရဲ့တစ်ကျော့ပြန် အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် လူဦးရေ ၁ ဒသမ ၅ သန်းနီးပါးဟာ နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားအများအပြားအပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ရမှုအပေါ်အထူးစိုးရိမ်ဖွယ်ရာဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ပြင်းပြင်းထန်ထန်ရှုတ်ချထားတာပါ။
လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ကြိမ်ဖန်များစွာ လေကြောင်းတိုက်ခိုက်မှုတွေပါဝင်တဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေဟာ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အထူးသဖြင့် နိုင်ငံရဲ့အနောက်မြောက်၊ အရှေ့ တောင်ဘက်နဲ့ ကချင်ပြည်နယ်မှာ အစီရင်ခံနေစဉ်ကာလအတွင်း ဆက်လက်ဖြစ်ပွားနေတယ်လို့ UNOCHA က ဆိုပါတယ်။
အကျိုးဆက်အနေနဲ့ အရပ်သားထိခိုက်သေဆုံးမှုနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရတာတွေ ဆက်လက်မြင့်တက် နေပြီး နိုင်ငံအတွင်း ကောင်းမွန်ခြင်းမရှိသေးတဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေကို ဆက်လက်ဆိုးရွားစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေဟာ ရွှေ့ပြောင်းအခြေချစခန်းတွေနဲ့ ယာယီစခန်းတွေမှာ မရေရာတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရပြီး အများစုဟာ နီးစပ်ရာတောတောင်တွေထဲမှာ တိမ်းရှောင်နေထိုင်ကြရတာ ဖြစ်ပါတယ်။
၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိလူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ လူဦးရေ ၁၇ ဒသမ ၆ သန်းအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်တယ်လို့ UNOCHA က ပြီးခဲ့တဲ့ မတ်လမှာ ထုတ်ပြန်ထားပါတယ်။
လူသားချင်းစာနာမှုဆောင်ရွက်သူတွေဟာ အခုနှစ်မှာမြန်မာနိုင်ငံက လူဦးရေ ၄ ဒသမ ၅ သန်းအ တွက် အကူအညီတွေပေးဖို့ ပြင်ဆင်နေပြီး ထိရောက်တဲ့ လူမှုကယ်ဆယ်ရေးအကူအညီတွေပေးဖို့ အမေရိကန်ဒေါ်လာ ၇၆၄ သန်း လိုအပ်တယ်လို့ UNOCHA က ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး