ကန့်ဘလူ – ဧပြီ(၂၀)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ(၈) ရွာက ပြည်သူ (၈၀၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၁၈) ရက်နေ့ ညပိုင်းက အင်အား (၂၀၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်း ဟာ မလည်တိုက်နယ်ရဲစခန်းကို ရောက်ရှိလာပြီးနောက် ဧပြီလ(၁၉) ရက်နေ့မှာတော့ ပဇီကြီး ကျေးရွာ တစ်ဝိုက်ကို စစ်ကြောင်းထိုးလာတာပါ။
စစ်ကောင်စီ စစ်ကြောင်းကြောင့် ပဇီကြီး၊ထန်းတော၊မဲဇာတော အပါအဝင် ကျေးရွာ (၈) ရွာက ပြည်သူတွေ စစ်ဘေးရှောင်နေရပြီး ရာသီဥတုပူပြင်းတဲ့ ဒဏ်နဲ့ သောက်သုံးရေ ရှားပြမှုပြဿနာ တွေရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ပြေးရင်းနဲ့ ပါလာတဲ့ ရေဗူးတွေတော့ ရှိတာပေါ့။ အဲဒီရေဗူးတွေက ရာသီဥတုပူတော့ ရေပူတွေ သောက်နေရသလိုဖြစ်နေတယ်။ တချို့ကျတော့လည်း ပြေးရင်းလွှားရင်း ချောင်းနဲ့ တွေ့ရင်တော့ ချောင်းရေတွေကို ခပ်ရတာပေါ့။” လို့ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပဇီကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းဟာ မန္တလေးမြို့နယ် သပိတ်ကျင်း ကျေးရွာဘက်က လာတဲ့ စစ်ကြောင်းဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရပြီး လက်ရှိအချိန် မှာတော့ စစ်ရေးလှုပ်ရှားမှု မရှိသေးတဲ့အတွက် စောင့်ကြည့်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပဇီကြီးကျေးရွာတဝိုက်ကို စစ်ကောင်စီဘက်က (၃) ကြိမ်မြောက် စစ်ကြောင်းထိုးလာတာဖြစ်ကာ ပြီးခဲ့တဲ့နှစ် မေလနဲ့ ဩဂုတ်တွေက စစ်ကြောင်းထိုးချိန်မှာလည်း ပဇီကြီးနဲ့ ထန်းတောရွာသား စုစုပေါင်း (၃) ဦးကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသတ်ဖြတ်ခဲ့သလို ပြည်သူပိုင်နေအိမ် (၃၀) ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။
“မနေ့က ပဇီကြီးရဲ့ အရှေ့တစ်မိုင်လောက်မှသူတို့စခန်းချတာပေါ့။ မီးရှို့တာ ဖမ်းဆီးတာမရှိသေး ပါဘူး။ ကျေးရွာပြည်သူကတော့ သူတို့စစ်ကြောင်းဆိုတော့ ကြောက်လို့ ပြေးရတာပေါ့။ ခုလဲ အဲဒီ စစ်ကြောင်းက ပဇီကြီးတစ်ဝိုက်မှာပဲရှိသေးတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့ကလည်း ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်၊ကိုယ်ဝန်ဆောင်မိခင်နဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူ (၁၆၈) ဦး သေဆုံးခဲ့ရတယ်လို့ NUG ကထုတ်ပြန်ထားပြီး ဒေသတွင်း အချက်အလက်တွေမှာတော့ (၁၇၄) ဦး သေဆုံးတယ်လို့ ဆိုထားပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ပြည်သူ (၁၅၁၁) ဦးသေဆုံးထား တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ