ဧပြီ(၂၀) စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်း ကန့်ဘူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီ က Jet Fighter နဲ့ ထပ်မံဗုံးလာကြဲခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ ဧပြီလ(၂၀) ရက်နေ့ နေ့လည်း (၂) နာရီကျော်က ပဇီကြီးကျေးရွာအတွင်းပိုင်းကို ဗုံးကြဲတိုက် ခိုက်ခဲ့တာပါ။

” နေ့လည် သုံးနာရီလောက်က အဲဒီဘက်ကနေ ပေါက်ကွဲသံတွေ ကြားရတယ်။လေးငါးခြောက်ချက် ပဲ။ ပြီးတော့ ဂျက်ဖိုက်တာနဲ့ လာပစ်သွားတာပဲ။ မီးခိုးလုံးတွေ တော့တွေ့ရတယ်”လို့ ဒေသခံတစ်ဦး က သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ညနေ(၄) နာရီကျော်အထိ ရွာထဲက မီးခိုးထွက်နေတာတွေ တွေ့နေရပြီးမီးရှို့ခံရတဲ့ အခြေအနေမဟုတ်ဘဲ ရွာထဲကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာဖြစ်တဲ့ အတွက် စစ်တပ်စစ်ကြောင်း ကျေးရွာထဲ မှာမရှိနိုင်ဘူးလို့ သူက ပြောပါသေးတယ်။

လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ပဇီကြီးကျေးရွာအပါအဝင် ပတ်ဝန်းကျင်ကျေးရွာ (၈) ရွာလောက်က ဒေသခံ (၈၀၀၀) လောက်စစ်ဘေးရှောင်နေရပါတယ်။

အခုလာပစ်တဲ့ အချိန်မှာတော့ ရွာထဲမှာ ဘယ်သူမှ မရှိနေတာကြောင့် နေအိမ်တွေထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့ကလည်း ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်၊ကိုယ်ဝန်ဆောင်မိခင်နဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူ (၁၆၈) ဦး သေဆုံးခဲ့ရတယ်လို့ NUG ကထုတ်ပြန်ထားပြီး ဒေသတွင်း အချက်အလက်တွေမှာတော့ (၁၇၄) ဦး သေဆုံးတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေကြောင့် ပြည်သူ (၁၅၁၁) ဦးသေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ဧပြီလ(၁၁) ရက်နေ့က စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခံရတဲ့ အခြေအနေ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.