ထားဝယ်၊ ဧပြီ(၂၀)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာဘက်ကို စစ်ကောင်စီတပ်က အင်အား ၂၀၀ နီးပါးနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံတချို့ကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းကစပြီး တပ်အင်အား ၂၀၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထား ဝယ်မြို့နယ် ဗျောတောဝဘက်ကနေ ပကာရီဘက်ကို ခြေလျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာတာ ဖြစ်ပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပကာရီဒေသခံ ၅ ဦးကို ဖမ်းဆီးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ပကာရီဒေသခံတချို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်တာတွေရှိပေမယ့် အများစုကတော့ အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ပကာရီဒေသထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေပြီး ဆက်တိုးလာပါက တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ ဒေသ PDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာပေးကြဖို့နဲ့ ထွက်ပြေးတိမ်းရှောင်ရပါက အကူအညီတောင်းခံဖို့ ဒေသ PDF တွေက တိုက်တွန်းတာပါ။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကလည်း ပကာရီရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲအချိန် ၄ နာရီလောက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Narinjara