မင်းတပ် – ဧပြီ(၂၀)

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်က ကျေးရွာတွေထဲကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတဲ့ စစ်ကောင်စီ လေယာဉ်မောင်းတွေကို အပြစ်ပေးစီရင်နိုင်တဲ့ ဘယ်အဖွဲ့ကိုမဆို ကျပ်သိန်း (၅၀၀) တန်ဖိုးရှိတဲ့ မြေကွက်ဆုချီးမြှင့်မယ်လို့ CDF- Mindat ကသတင်းထုတ်ပြန်ထားပါတယ်။

ဒီနှစ်အစပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ မင်းတပ်မြို့နယ်က ပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့အတွက် ပြည်သူတွေထိခိုက်သေဆုံးပြီး နေအိမ်တွေ လည်း ပျက်စီးတာတွေရှိနေတာပါ။

မင်းတပ်မြို့နယ် ပန်းပါကျေးရွာကို ဂျက်ဖိုက်တာနှစ်စင်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့ လေယာဉ်မောင်းနှင်သူတွေ နှစ်ဦးဟာ ဗိုလ်မှူး နေဝင်းကျော်နဲ့ ဗိုလ်မှူး သက်လင်းမောင်တို့ဖြစ်ကြပြီး သူတို့ကိုစစ်ခေါင်းဆောင်က အထူးအားကိုးတဲ့ လေယာဉ်မောင်းသူတွေဖြစ်တယ်လို့ CDF-Mindat ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလေယာဉ်မောင်းသူနှစ်ဦးဟာ Yak အုပ်စစ်ဆင်ရေး တံတားဦး၊နေပြည်တော်၊ မှော်ဘီ သုံးနေရာကို ဦးဆောင်နေတဲ့ ဒုဗိုလ်မှူးကြီး ရဲဇော်နိုင် ရဲ့အုပ်ချုပ်မှာအောက်မှာရှိသူတွေ ဖြစ်ပြီး ဒုဗိုလ်မှူးကြီး ရဲဇော်နိုင်ဟာ အုပ်မှူးအဖြစ် တံတားဦးလေတပ်စခန်းမှာ အထိုင်ချနေသူဖြစ်တယ် လို့ ဆိုထားပါတယ်။

စစ်ကောင်စီက ပန်းပါ ကျေးရွာကို လေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ်နဲ့ အမျိုးသမီးနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူတွလည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

မင်းတပ်မြို့နယ်က ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ ဒုဗိုလ်မှူးကြီး ရဲဇော်နိုင် နဲ့ လေယာဉ်မောင်းသူနှစ်ဦး ဒါမှမဟုတ် သူတို့နဲ့ အလိုတူအလိုပါ ပူးပေါင်းသူတွေကို အပြစ်ပေး စီရင်ပြီးကြောင်း သက်သေပြနိုင်တဲ့ ဘယ်အဖွဲ့မဆို ကျပ်သိန်း(၅၀၀) တန်ဖိုးရှိတဲ့ မြေတစ်ကွက် ချီးမြှင့်သွားမှာဖြစ်တယ်လို့ CDFမင်းတပ်က အသိပေးထားတာဖြစ်ပါတယ်။

သံလွင်တိုင်းမ် အနေနဲ့ အဲဒီမြေကွက်ဟာ ဘယ်ဒေသကဖြစ်တယ်ဆိုတာနဲ့ ဘယ်လိုပေးအပ်သွားမယ်ဆိုတာနဲ့ပတ်သက်ပြီး CDF-Mindat ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာတော့မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CDF-Mindat

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.