ရန်ကုန်၊ ဧပြီ(၁၉)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး ဒီနှစ် ဧပြီ ၁၅ ရက်နေ့အထိ အမျိုးသမီးနဲ့ ကလေး ၁၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အမျိုးသမီးလူငယ်နဲ့ ကလေး သူငယ်ရေးရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အမျိုးသမီး ၆၃၇ ဦးနဲ့ ကလေးသူငယ် ၃၉၆ ဦး စုစုပေါင်း ၁၀၃၃ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အမျိုးသမီး ၃၃၀၀ ကျော်နဲ့ ကလေးသူငယ် ၃၅၅ ဦးဟာ အကျဉ်းထောင်၊ အချုပ်ထောင်တွေထဲမှာ ဆက်လက်ဖမ်းဆီးခံနေရတယ်လို့ ဆိုထားပါတယ်။အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၃၂ ရာခိုင်နှုန်းပါဝင်ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေထဲမှာတော့ ၁၇ ရာခိုင်နှုန်း ပါဝင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီရဲ့ ပဇီကြီးလေကြောင်းတိုက်ခိုက်ခံမှုမှာ ကလေးသူငယ် ၄၀ နီးပါးအထိ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီး ဒီဖြစ်စဉ်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း ကလေးသူငယ်တွေ အများဆုံး သေဆုံးမှုဖြစ်စဉ်လည်း ဖြစ်ပါတယ်။

အမျိုးသမီးနဲ့ကလေးသူငယ်တွေဟာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာ၊ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်တာနဲ့ ဖမ်းဆီးခံရစဉ် ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးတာတွေလည်း ရှိနေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းကာလအတွင်း အပြစ်မဲ့ပြည်သူသေဆုံးမှု ၃၂၄၀ အထိ ရှိလာတယ်လို့ ဧပြီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.