နေပြည်တော်၊ ဧပြီ(၁၉)
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ရဲ့တစ်ကျော့ပြန် အာဏာ သိမ်းယူမှုအောက်မှာ အထွေထွေရွေးကောက်ပွဲဖြစ်လာမှာ မဟုတ်ဘဲ စစ်ကောင်စီကအာဏာဆက်ယူဖို့သာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
နိုင်ငံဟာသာမန်အခြေအနေမဟုတ်လို့ ရွေးကောက်ပွဲ မကျင်းပနိုင်သေးတဲ့ အကြောင်းပြချက်နဲ့ တိုးယူထားတဲ့ အရေးပေါ်သက်တမ်း ၆ လကလည်း နောက်ထပ် ၃ လကျော်လောက်သာ ကျန်ရှိတော့တဲ့အခြေအနေမှာ စစ်ခေါင်းဆောင်ရဲ့ မြန်မာ့နှစ်သစ်ကူး မိန့်ခွန်းမှာတော့ ရွေးကော်ပွဲကျင်းပမယ့်ကိစ္စအပေါ် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုသွားတာ မတွေ့ရပါဘူး။
စစ်ခေါင်းဆောင်ရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာတော့ ဒီမိုကရေစီစနစ် ဖော်ဆောင်ရာမှာ တိုင်းပြည်ငြိမ်း ချမ်းမှုရှိရေး မဖြစ်မနေလိုအပ်ကြောင်းနဲ့ စီးပွားရေးတိုးတက်မှု ပိုမိုအားကောင်းနိုင်တယ်လို့သာ ပြောဆိုသွားပေမယ့် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရသူကို အာဏာပြန်လွှဲပေးမယ်ဆိုတဲ့ စကားကိုတော့ နှုတ်ဆိတ်နေခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း (သီပေါ)ကတော့ စစ်ခေါင်းဆောင်ရဲ့မိန့်ခွန်းကို ကြည့်ခြင်းအားဖြင့် လာမယ့် ၆ လ ၊ တစ်နှစ်အတွင်း ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ကြောင်း ယုံကြည်ထားပုံရတယ်လို့ သုံးသပ်ပါတယ်။
“သူတို့ နောက်ဆုံးခုံရုံးကိုမေးပြီးတော့ အခြေခံဥပဒေနဲ့ ညီ၊ မညီ ၆ လ သက်တမ်းတိုးယူတာနဲ့ ပတ် သက်ပြီး သာမန်အခြေအနေမဟုတ်ရင် တိုးယူနိုင်သလား ကိစ္စမေးတဲ့အခါ ခုံရုံးက ‘အခြေခံဥပဒေနဲ့ညီပါတယ်’ ပြော လိုက်တော့ အဲဒီအဓိပ္ပာယ်က သာမန်အခြေအနေဟာ မဟုတ်ဘူးဆိုရင် သူက သက်တမ်းတိုးယူတဲ့ဟာကို ၂ ကြိမ်တောင်မက တိုးယူနိုင်တဲ့ အဓိပ္ပာယ်ဖြစ်နေတယ်။
ဆိုတော့ သူတို့ကိုယ်၌ကလည်း အခုမိန့်ခွန်းအရဆိုရင် လာမယ့် ၆ လ၊ တစ်နှစ်အတွင်းမှာ ရွေးကောက်ပွဲမလုပ်နိုင်ဘူး၊ လုပ်နိုင်မှာမဟုတ်သေးဘူးလို့ အဲဒီလို ယုံကြည် မျှော်လင့်ထားပုံရပါတယ်ဗျ”လို သူက ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ မဲအပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ရွေး ကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှု စွပ်စွဲချက်နဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို သိမ်းယူခဲ့တဲ့အချိန်ကစပြီး စစ်ကောင်စီက ရွေး ကောက်ပွဲ ကျင်းပပေးမယ်လို့ ပြောဆိုထားပေမယ့် ဒီကနေ့အထိ ရက်အတိအ ကျ မကြေညာနိုင်သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲကျင်းပမယ့် ရက်အတိအကျကို မပြောနိုင်သေးဘူးလို့ စစ်ကောင်စီ တပ်မတော်နေ့အခမ်းအနားမှာ သတင်းထောက်တွေကို ပြောဆိုထားပါတယ်။
ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ တစ်နိုင်ငံလုံးမှာ စစ်အုပ်စုကိုဆန့်ကျင်တဲ့ အတိုက်အခံတွေနဲ့ မတည်ငြိမ်မှုတွေ ပိုများပြားလာတဲ့အတွက် ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘဲ စစ်ကောင်စီအနေနဲ့ အာဏာဆက်ယူဖို့သာဖြစ်တယ်လို့ ထောက်ပြပါတယ်။
“အခုအတိုင်းဆိုရင် တစ်နိုင်ငံလုံးမှာလည်း အတိုက်အခံတွေက ပိုများလာတယ်။ မတည်ငြိမ်မှုက ပိုများလာတယ်။ အဲဒီအချိန်မှာ သူတို့က တစ်ဖြည်းဖြည်းနဲ့ ၆ လ ၊ ၆ လ နောက်ဆုတ်ပြီးတော့ပဲ ရွေး ကောက်ပွဲမလုပ်နိုင်တဲ့အခြေအနေမှာ နောက်ဆုတ်ပြီး ၆ လ စီတိုးပြီး အာဏာသိမ်းဖို့ သူတို့ရဲ့ သက် တမ်းကိုဆွဲဆန့်ဖို့ အဲဒီလို လုပ်သွားဖို့ပဲ ရှိတော့တယ်လို့ မြင်တယ်။ ရွေးကောက်ပွဲဆိုတာ ဘယ်နေရာနေမှန်းကို မသိဘူး၊ ဘယ်အချိန်လုပ်လာနိုင်မယ်ဆိုတာလည်း ပြောလို့မရဘူး။ အရင်ကထက် သူတို့အနေနဲ့ တိုင်းပြည်ရဲ့တည်ငြိမ်မှုကို မထိန်းထားနိုင်တော့ဘူး။ ဒါကြောင့် ခြုံပြောရရင် ရွေးကောက်ပွဲလည်း ဖြစ်လာမှာမဟုတ်ဘူး၊ သူတို့ပဲ ဆက်ပြီးအာဏာယူဖို့အတွက် လှည့်ကွက်ဆင်တဲ့စကားတွေ ဖြစ်တယ်လို့ ပြောချင်ပါတယ်”လို့ သူက ဆိုပါတယ်။
တဖက်မှာတော့ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်လာနေချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသုံးစရိတ်ဟာ ကျပ်၂၈ ဘီလီယံကျော်သာ ခွင့်ပြုထားတယ်လို့ စစ်ကောင်စီရဲ့ ပြည်ထောင်စု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ အချက်အလက်တွေအရ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ရွေးကောက်ပွဲကျင်းပခဲ့တဲ့ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာ ရေးနှစ်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အသုံးစရိတ်ဟာ ကျပ် ၅၂ ဘီလီယံကျော် ရှိခဲ့တဲ့အတွက် အခုခွင့်ပြုခဲ့တဲ့ ပမာဏနဲ့ နှိုင်းယှဉ်ကြည့်ရင် တစ်ဝက်နီးပါးလောက် လျှော့ ချခံထားရတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ဦးကလည်း ဘယ်လိုစနစ်နဲ့ဖြစ်ဖြစ် ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ပြည်သူတွေကို အသိပညာပေးဖို့ အသုံးစရိတ်တွေ အများကြီးလိုအပ်တဲ့အတွက် လျာထားတဲ့ ငွေပမာဏဟာ ရွေးကောက်ပွဲလုပ်ဖို့ မမြင်ဘူးလို့ သုံးသပ်ပါတယ်။
“နိုင်ငံတကာအကူအညီတွေ မယူဘဲနဲ့ ကိုယ့်ပြည်တွင်းနဲ့ဆိုရင် အသုံးစရိတ်က မလောက်ဘူး။ ဘာလို့ဆို Door To Door ဆင်းရမယ့် စရိတ်တွေ။ လက်ရှိရွေးကောက်ပွဲအသုံးစရိတ်က ဒီနှစ်ဘတ်ဂျက်မှာ (၂၈ဘီလီယံ) အဲဒီလောက်ပဲလျာထားတယ်ဆိုတာ သေချာတာပေါ့။ ရွေးကောက်ပွဲအသုံး စရိတ်ဆိုတာ တကယ်တမ်းကျ ရွေးကောက်ပွဲလုပ်ပြီဆိုရင် အသိပညာပေးရေးက အဓိကကျတယ်။ ဘယ်စနစ်နဲ့သွားမယ် ညာစနစ်နဲ့သွားမယ် ကြိုက်တဲ့စနစ်နဲ့သွားပါ။ အဲဒီအသိပညာပေး ပြည်သူတွေ မဲဘယ်လိုပေးရတယ်ဆိုတဲ့ အသိပညာပေးရေးတွေ ကော်မရှင်မှာ နားလည်တဲ့ Volunteers (စေတ နာ့ဝန်ထမ်း) တွေ ခေါ်ရမယ်။ အဲဒီအတွက် အသုံးစရိတ်တွေ အများကြီးလိုတယ်ဗျ။ အခုဟာက ဒီလောက်ငွေအမောင့်လေးနဲ့ကတော့ ရွေးကောက်ပွဲ လုပ်မယ့်အစီအစဉ်က မမြင်ဘူးဗျ” လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ အစပျိုးပြီး နိုင်ငံတကာရဲ့ ပံ့ပိုးမှုနဲ့ မဲစာရင်းပြုစုတာတွေ၊ မဲစာရင်းအ ချက်အလက်သွင်းတာတွေစတဲ့ အကူအညီတွေ အများကြီးရရှိခဲ့သလို ၂၀၁၅ ၊ ၂၀၁၇ (ကြားဖြတ်) နဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း နိုင်ငံတကာအကူအညီတွေ အများကြီးရရှိခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုအပါအဝင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက တော့ စစ်တပ်အာဏာသိမ်းမှုအပေါ် ပြစ်တင်ရှုတ်ချမှုတွေရှိခဲ့သလို စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကိုလည်း ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ စစ်ကောင်စီကျင်းပမယ့် အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးတဲ့ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မှတ်ပုံတင်ခွင့်နဲ့ ပါတီတည်ထောင်ခွင့် လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီအထိ ရှိနေပါတယ်။
စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီမှာ ပြဌာန်းခဲ့ပြီး သတ်မှတ်ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံမတင်တဲ့ တည်ဆဲပါတီ ၄၀ ကို နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တာပါ။
စစ်တပ်အာဏာသိမ်းမှုအလွန် ၂ နှစ်ကျော်ကာလအတွင်း နိုင်ငံအနှံ့မှာလည်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတို့ နှစ်ဖက်ထိတွေ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြတဲ့ လက်နက် ကိုင်တိုက်ပွဲကလည်း အကြိမ်ရေ ၈၇၀၀ ကျော်ရှိခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – The Irrawady