မြဝတီ၊ ဧပြီ(၁၉)
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသအနီး ပတ် ဝန်းကျင်မှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို အတွဲလိုက်ပစ်ဒုံး ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်အရ သိရပါတယ်။
ဧပြီ(၁၈)ရက်နေ့ မနက်(၆)နာရီခွဲအချိန်ကစပြီး မြဝတီမြို့နယ် မဲကနယ်ကျေးရွာထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အတွက် ကော်ဘရာစစ်ကြောင်း(၂) Venom PDF စစ် ကြောင်းတို့နဲ့ ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ KNU ယူနီဖောင်းတွေကို အယောင်ဆောင်ဝတ်ဆင်ပြီး ထိုးတက် လာခဲ့တာဖြစ်ပြီး ထိတွေ့တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်ဘက်က (၂)ဦးသေဆုံးကာ လက်နက် (၂) လက်ကိုပါ ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းဆည်းရခဲ့တယ်လို့ Venom PDF စစ် ကြောင်းရဲ့ ကနဦးသတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က အတွဲလိုက်ပစ်ဒုံးတွေနဲ့ အတွင်းမဲကနယ်ကျေးရွာထဲကို ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
KNU တပ်မဟာ(၆)နယ်မြေ မဲကနယ်ကျေးရွာထဲမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ် BGF နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းစစ်ကြောင်းတို့အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့သာမက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူ အသုံးပြုကာ မဲကနယ်ကျေးရွာဘက်ကို ဒီကနေ့အချိန်အထိ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန်ဘုရား ကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်အများအပြား ထိခိုက်မီးလောင်ပျက်စီးသွားခဲ့ရပြီး လူဦးရေထောင်ချီဟာ ဒီကနေ့အချိန်အထိ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CINCDS(စစ်ကောင်စီ အမြောက်နဲ့ သံချပ်ကာတပ်ဖွဲ့က အတွဲလိုက်ဒုံးများ ပစ်ခတ်လေ့ကျင့်နေစဉ်)