နေပြည်တော် ၊ ဧပြီ (၁၉)

စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်မတည်ငြိမ်မှုတွေ ရှိနေပေမယ့် အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့စီးပွားရေးဟာ အရင်နှစ်ကထက် စီးပွားရေးတိုးတက်မှု အားပိုကောင်းလာမယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်း ကျပ်တည်းမှုတွေရှိခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာ ပြည်တွင်း ကုန်ထုတ်လုပ်မှု ကောင်းမွန်လာသလို နယ်စပ်ကုန်သွယ်ရေးတွေကို အတိုင်းအတာတစ်ခုအထိ ဖွင့်လှစ်လာနိုင်ခဲ့တယ်လို့ သူရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုတာပါ။

ဒါကြောင့် မြန်မာ့စီးပွားရေးဟာ ၂၀၂၃ ခုနှစ်မှာ အပေါင်း ၃ ရာခိုင်နှုန်းနီးပါးအထိ တိုးတက်လာနိုင်ပြီး တိုးတက်မှုအားပိုကောင်းလာမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မတည်ငြိမ်မှုကြောင့် မြန်မာ့စီးပွားရေး တိုး တက်လာဖို့ မရှိသေးသလို အရင်လို ပြန်ရောက်ဖို့ အချိန်အများကြီး လိုအပ်နေသေးတယ်လို့ ပြောပါတယ်။

“(၂၀၂၁) စစ်တပ်က အာဏာမသိမ်းခင်ကအခြေအနေ ပြန်ရောက်ဖို့ကတော့ အများကြီးလိုသေးတယ်။ ဘာလို့ဆိုတော့ ဒီနိုင်ငံတကာက ခန့်မှန်းနေတဲ့ဟာတွေက (၂၀၂၁) ခုနှစ်က ထိုးဆင်းသွားတာ (၁၈) ရာခိုင်နှုန်း၊ ပြော လို့ရှိရင် အဲဒီအောက် ချောက်ထဲကို(၁၈)ပေ ထိုးဆင်းသွားတယ်။ အဲဒီကနေပြီးတော့မှ (၂၀၂၂)မှာ (၂)ပေခွဲ လောက် ပြန်တက်လာတယ်။ အခု(၂၀၂၃)မှာ (၃)ပေ လောက်ပြန်တက်လာတယ်။စုစုပေါင်း ပြန်တက်တဲ့ ဟာ တောင်မှ (၅)ပေကျော် (၆)ပေ လောက်ပဲရှိသေးတယ်။ (၁၈) ပေဆင်းသွားတဲ့အတွက် (၆)ပေပြန်တက်တယ်ဆို တော့ နောက်ထပ်အဲဒီအခြေအနေ ပြန်ရောက်ဖို့ (၁၂)ပေလောက်လိုသေးတယ်။ဆိုတော့ (၁၂) ရာခိုင်နှုန်း လောက်တက်မှ (၂၀၁၉) (၂၀၂၀)ရဲ့ အခြေ အနေကို ရောက်ရုံပဲရှိအုံးမယ်။ အဓိကတော့ (၂၀၂၁)ပါပဲ။ ဒီမြန်မာ နိုင်ငံသမိုင်းတလျှောက်မှာ အဆိုးဆုံးလို့တောင် ပြောလို့ရတယ်။ (၂၀၂၁)က တကယ့်ကို ဇောက်ထိုးဆင်းသွားတဲ့နှစ်၊ အဲဒီနှစ်နဲ့စာလို့ရှိရင်ကတော့ ဘာပဲပြောပြောတက်ရမှာပေါ့၊ ဒါပေမယ့် အရင်ကောင်းလာတဲ့ နှစ်တွေကိုတော့ သွားယှဉ်လို့မရဘူး”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ စီးပွားရေးမြှင့်တင်တဲ့နေရာမှာ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတွေကို ဆောင် ရွက်ဖို့ လိုအပ်ပြီး ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကို အားပေးခြင်းဟာ နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အားပေးခြင်းဖြစ်တာကြောင့် MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်နေတယ်လို့လည်း ပြောဆိုလာတာပါ။

MSME လုပ်ငန်းရှင်တစ်ဦးကလည်း စစ်ကောင်စီက MSME လုပ်ငန်းတွေကို အားပေးဆောင်ရွက်နေတယ်လို့ ပြောဆိုပေမယ့် လက်တွေ့မှာ လုပ်ငန်းတွေအတွက် ချေးငွေရယူတဲ့ နေရာမှာတောင် အခက် အခဲရှိသလို စည်းကမ်းချက်တွေများတာကြောင့် ချေးငွေတွေလည်း မရကြဘူးလို့ ပြောပါတယ်။

“သူကတော့ ကျွန်တော်တို့ပေးတဲ့ အစီအစဉ်တွေကတော့ပြောတယ်၊ ဒါပေမယ့် ပေးတာကတော့ ရ အောင်တော့ မပေးဘူးပေါ့နော်။ စည်းကမ်းချက်တွေကတော့ အရမ်းများတာကို။ ဥပမာ သူတို့လိုချင်တဲ့ဂရမ်ဒီတွေ၊ သူတို့လိုချင်တဲ့ အချက်အလက်တွေကတော့ ကျွန်တော်တို့ SME တော်တော်များများကတော့ မစုံဘူးခင်ဗျ။ တချို့ ချေး ငွေတွေကျတော့ သူတို့ကအစုအဖွဲ့နဲ့ ဖွဲ့ခိုင်းတာတို့၊ ဥပမာ အနည်း ဆုံးလူ(၃)ယောက်ပေါ့နော်။ (၃) ယောက် လောက်စုဖွဲ့ပြီးတော့ ယူတယ်။ အဲဒီ (၃)ယောက်စုဖွဲ့ဖို့ကလည်း လုပ်ငန်းရှင်တွေရဲ့ အခြေအနေကတော့ မလွယ်ဘူးပေါ့လေ။ (၃)ယောက်ပေါင်းပြီးတော့ ဒီချေးငွေကို အာမခံခိုင်းတယ်ဆို ကိုယ့်အတွက်ကတော့ ကိုယ်ဘယ်လိုဖြစ်ဖြစ် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ တာဝန်ယူလို့ရတာပေါ့။ သူများလုပ်ငန်းပါ တာဝန်ယူပေးရမယ်ဆိုတော့ မယူချင်တော့ဘူးပေါ့နော်။ ချေးငွေတော့ပေးတယ်၊ ဒါပေမယ့် စည်းကမ်းသတ်မှတ်ချက်တွေကတော့ များတဲ့အခါကျတော့ လုပ်ငန်းရှင်တွေက မရနိုင်ဘူး၊ ကျွန်တော်သိသလောက်က ရတဲ့သူကမတွေ့ဘူး”လို့ ဆိုပါတယ်။

တဖက်မှာတော့ အငယ်စား၊ အသေးစားနဲ့ အလတ်စား MSME လုပ်ငန်းတွေဟာ လျှပ်စစ်မီး မမှန်တာ၊ ကုန်ကြမ်းပစ္စည်း တန်ဖိုးကြီးမြင့်နေတာ၊ စက်သုံးဆီနဲ့ အထွေထွေကုန်ကျစရိတ် အဆမတန် မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ အခက်ကြုံနေရတာပါ။

မြန်မာ့စီးပွားရေးဟာ စစ်တပ်အာဏာသိမ်း ၂ နှစ်အတွင်း ပဋိပက္ခတွေကြောင့် ဆိုးဆိုးရွားရွား ကျဆင်းနေသလို ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး GDP ကလည်း ဒီနှစ်စက်တင်ဘာလအထိ ၃ ရာခိုင်နှုန်းလောက်သာ ရှိလာနိုင်မယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မတ် ၃၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဆိုးရွားတဲ့လျှပ်စစ်မီးပြတ်တောက်မှုတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်တွေဟာ နိုင်ငံရေးနဲ့လူမှုရေးအတွက် အကျပ်အ တည်းဖြစ်စေပြီး စီးပွားရေးကို ဆက်လက်ဆိုးရွားစေသလို မတည်ငြိမ်နိုင်လွန်းတဲ့ စည်းမျဉ်းကန့်သတ်ချက်တွေကြောင့် ရုပ်အားဖြင့်ပင် တိုးတက်လာဖွယ် မရှိဘူးလို့ ကမ္ဘာ့ဘဏ်က ဆိုထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.