မော်လမြိုင်၊ ဧပြီ(၁၄)

မွန်ပြည်နယ်မှာ စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ သင်္ကြန်အကြိုနေ့မှာ ပြည်သူတွေ ရေပတ်ခံထွက်ကစားသူ မရှိသလောက် နည်းပါးနေသလို နေရာအများစုမှာလည်း တိတ်ဆိတ်ခြောက်ကပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် မြို့နယ်အသီးသီးမှာ ဗဟိုမဏ္ဍပ်နဲ့ ဖျော်ဖြေရေးမဏ္ဍပ်တွေ တည်ဆောက်ထားပြီး သင်္ကြန်အကြိုနေ့မှာတော့ စစ်ကောင်စီရဲ့ မဏ္ဍပ်တွေကိုဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်သူတွေဟာ စစ်ကောင်စီရဲ့မဏ္ဍပ်တွေမှာ ရေပက်ခံထွက်ကစားတာမရှိသလို ရပ်ကွက်တချို့နဲ့ လမ်းတချို့မှာတော့ ကလေးသူငယ်တွေသာ ရေပက်တာတွေ့ရှိခဲ့တာပါ။

စစ်ကောင်စီဖွင့်လှစ်ခဲ့တဲ့ မဏ္ဍပ်တွေမှာတော့ စစ်ကောင်စီဝန်ထမ်းတွေနဲ့ စစ်ကောင်စီထောက်ခံသူတွေသာ လာရောက်ရေကစားတာရှိပြီး ပြည်သူတွေကတော့ ပါဝင်ဆင်နွှဲတာမရှိဘူးလို့ ဆိုပါတယ်။

ဒေသခံတစ်ဦးကတော့ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်ပွဲတော်မှာ ပြည်သူတွေမပါဝင်တာကို ကြည့်ခြင်းအားဖြင့် သူတို့ကို ဘယ်တော့မှ လက်မခံဘူးဆိုတာ ပေါ်စေတယ်လို့ ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းအချိန်တွေက ကျွန်မတို့ ရပ်တန့်လို့မရဘူးပေါ့နော် အချိန်တွေက။ နှစ်တွေ၊ လတွေ ပြောင်းလဲတော့ ရာသီအလိုက် ပွဲတော်တွေကရောက်လာတယ်။ ဒါပေမယ့်ပြည်သူတွေက တာဝန်ကျေတယ်။ တော်လှန်တဲ့ သင်္ကြန်တွေ၊ တော်လှန်တဲ့ပွဲတော်တွေကို ပြည်သူတွေကမသွားဘူး။ အချိန်သာပြောင်းလဲသွား တာပေါ့နော်။ ပြည်သူတွေရဲ့ ရင်ထဲမှာတော့ ဒီဟာတွေမပြောင်းလဲသွားဘူး။ ဒီစကစကို လက်မခံနေဘူးဆိုတာ အရမ်းပေါ်လွင်နေတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် မော်လမြိုင် ကမ်းနားလမ်းတလျှောက်မှာ ဗဟိုမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်တွေကို ငွေကျပ်သိန်းပေါင်းများစွာ ကုန်ကျခံပြီး ပြင်ဆင်ထားပေမယ့် ပြည်သူတွေပါဝင်ဆင်နွှဲတာ မတွေ့ရဘူးလို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ သင်္ကြန်မဏ္ဍပ်အနီးတဝိုက်မှာ လုံခြုံရေးအထူးတင်းကျပ်ထားသလို လမ်းတချို့ကိုလည်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့မှာ ရှမ်းပြည်နယ်၊ လားရှို့မြို့၊ ရန်အောင်ဘုရားအနီး သင်္ကြန်မဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာကြောင့် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်ကားအောင် ပြုလုပ်နေတာဟာ အတုအယောင်သာဖြစ်တဲ့အတွက် ပြည်သူတွေပါဝင်ဆင်နွှဲတာ မပြုလုပ်ကြဖို့နဲ့ စစ်ကောင်စီနီးနီးကပ်ကပ်မနေကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TLT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.