မြဝတီ၊ ဧပြီ၊ (၁၄)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့အနီးမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစပြီး ဧပြီလ(၁၂)ရက်နေ့အထိ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ် BGF နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့ တို့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း PDF ရဲဘော် ၅ ဦး ကျဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၂၅)ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်တိုက်ပွဲကနေစတင်ပြီး မြဝတီမြို့အနီးတဝိုက်မှာ စစ်ကောင်စီ BGF တပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာ ကျားသစ်နက်စစ် ကြောင်းအနေနဲ့ KNLA တပ်မဟာ(၆)၊ ကော်ဘရာစစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီတို့နဲ့ ပူးပေါင်းကာ မြဝတီမြို့အနီး နေရာအနှံ့အပြားမှာ ဖြန့်ကျက်နေရာယူကာ စစ်ဆင်ရေးကို ဆက်လက်ဖော်ဆောင်လျက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ(၂၅)ရက်နေ့ကနေ ဧပြီလ(၁၂)ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေထဲမှာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး ကျားသစ်နက်စစ်ကြောင်းဘက်က ရဲဘော်(၅)ဦး ကျဆုံးခဲ့ကာ ရဲဘော်(၈)ဦးကတော့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ဆိုပါတယ်။

ဒါ့အပြင် ဧပြီလ(၁၁)ရက်နေ့ ညနေပိုင်းကလည်း မြဝတီမြို့အနီး စစ်ကောင်စီလက်အောက်ခံ BGF စခန်း ကုန်း ကို KNU/KNLA ပူးပေါင်းစစ်ကြောင်း၊ ကော်ဘရာစစ်ကြောင်း၊ Golden Eagle၊ ကျားသစ်နက်စစ်ကြောင်းတို့က သွားရောက်တိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းကို အောင်မြင်စွာတက်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကျားသစ်နက်စစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း BGF တပ်ဖွဲ့ဘက်က (၁၀)ဦးသေဆုံးခဲ့ပြီး လက်နက်၊မိုင်း၊ ကျည်အိမ်အပါအဝင်ကျည်ဆံအများအပြားကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် နို့ဖိုးကျေးရွာအုပ်စု မဲကနယ်ကျေးရွာအတွင်း ဖြစ်ပွားခဲ့တဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူထောင်ချီ ဘေးလွတ်ရာကို ရွာလုံးကျွတ်ထွက်ပြေးတိမ်း ရှောင်နေခဲ့ရပြီး စစ်ဘေးရှောင်တွေထဲက ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုလိုအပ်နေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေထံကနေ သိရတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MPA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.