ဘီးလင်း၊ ဧပြီ(၁၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာမှာ စစ်ကောင်စီတပ်ပစ်ခတ်လိုက်တဲ့ လက်နက် ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ ၁၀ ဦးနီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဧပြီ ၁၂ ရက်နေ့ မနက် ၈ နာရီလောက်မှာ အလူးလေးကျေးရွာ ဘုန်းကြီးကျောင်းအနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်က တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ အလူးလေးကျေးရွာထဲကို လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် ဒေသခံတွေဖြစ်တဲ့ ဒေါ်ခင်လေး၊ ဖွားရှမ်းမ၊ ကိုထိန်လင်းဦးအပါအဝင် ၁၀ ဦး နီးပါး ဒဏ်ရာရရှိခဲ့သလို အဲဒီထဲက ဒေသခံတစ်ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီနေ့ကဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း ဒေသခံနေအိမ် ၅ လုံး လက်နက်ကြီးထိပျက်စီးခဲ့သလို စစ်ကောင်စီဘက်က မီးရှို့တာကြောင့် နေအိမ် ၃ လုံးမီးလောင်ပျက်စီးခဲ့ပါတယ်။

လက်ရှိမှာတော့ နှစ်ဖက်တိုက်ပွဲကြောင့် အလူးလေးကျေးရွာ ဒေသခံ ၁၀၀၀ ကျော်ဟာ ကျေးရွာဘုန်း ကြီးကျောင်း၊ နီးစပ်ရာဆွေမျိုးနေအိမ်တွေနဲ့ ဘေးလွတ်ရာတောတောင်တွေထဲ ထွက်ပြေးတိမ်း ရှောင်နေရတာပါ။

အလူးလေးကျေးရွာ တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က ၆ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.