ကန့်ဘလူ၊ ဧပြီ(၁၄)

ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ အစုအလိုက် အပြုံအလိုက် သေဆုံးမှုအတွက် စစ်အုပ်စုကို ဖမ်းဝရမ်းထုတ် ပြစ်ဒဏ်စီရင်ပေးဖို့ ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ ပကဖရုံး ဖွင့်ပွဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကျုးလွန်ခဲ့တဲ့အတွက် ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော် သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်အပေါ် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံအသီးသီးက ပြစ်တင်ရှုတ်ချကြောင်းနဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုတာတွေ ရှိနေတာပါ။

ပဇီကြီးတိုက်ခိုက်မှုဖြစ်စဉ်ဟာ စစ်အုပ်စုကို ပြစ်တင်ရှုတ်ချယုံနဲ့ မလုံလောက်တော့သလို နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးကျော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဆုံးရှုံးသွားတဲ့ဟာတွေက ဘာမှအကျိုးတစ်စုံတရာရလာမယ့် ဟာမျိုးတော့မဟုတ်ပါဘူး။ နိုင်ငံတ ကာ အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အာဆီယံအဖွဲ့အစည်းပဲဖြစ်ဖြစ်၊သူတို့အနေနဲ့ လူသားချင်းစာနာတယ်။ ဒီကိစ္စကိုပြင်းထန် စွာကန့်ကွက်တယ်ဆိုတဲ့ အတိုင်းအတာလောက်နဲ့ ဒီကိစ္စဟာပြီးပျောက်သွားမယ့် ကိစ္စတွေမဟုတ်ဘူးလို့ ထင်တယ်။ အဲဒီလိုပြောတာထက် လက်တွေ့ဆန်တဲ့အရေးယူမှုတွေ လုပ်ပေးရင်တော့ ကျွန်တော်တို့က ပိုပြီးတော့ အဲဒါမျိုးကိုပဲ ကြိုဆိုချင်ပါတယ်” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် (AlD)အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးကျော်ကပြောပါတယ်။

ဝါရင့်တရားလွှတ်တော် ရှေ့နေကြီးဦးကြီးမြင့်ကလည်း ပဇီကြီးတိုက်ခိုက်မှုဟာ နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှုနဲ့ ကိုယ်ပြည်သူတွေကို ပြန်သတ်တဲ့ရာဇဝတ်မှုဖြစ်ပြီး နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲနိုင်တယ်လို့ ပြောပါတယ်။

“စစ်တပ်ကိုတည်ထောင်ထားတာက မင်းအောင်လှိုင်အပါအဝင် စစ်သားတွေရဲ့ပိုက်ဆံနဲ့တည်ထောင်ထားတာ မဟုတ်ဘူး။ မြန်မာနိုင်ငံသားတိုင်းရင်းသားတွေ စုပြီးတည်ထောင်တားတာ။ အသုံးစရိတ်ဆိုတာကလည်း နိုင်ငံတော်အသုံးစရိတ်ကနေ ကျခံထားတာ။ တစ်နှစ်ကို ဘီလီယံပေါင်း ငါးထောင့်လေးရာတောင်သုံးမယ်ဆိုပြီး ခွင့်ပြုချက်တောင်းထားတယ်လေ။ နိုင်ငံတော်က တည်ထောင်ထားတဲ့ စစ်တပ်က ကိုယ့်နိုင်ငံသားပြည်သူတွေကို ပြန်သတ်နေတာလေ။ (၁)လူသတ်မှုမြောက်တယ်။ (၂) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၂ (၁) အရ နိုင်ငံတော်ကို ပုန်ကန်ရာရောက်တယ်။ ဒီပုဒ်မတွေနဲ့ ငြိစွန်းတယ်။ နောက်တစ်ချက်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့လည်းငြိတယ်။ လူတွေကိုစုထားပြီးတော့ အဲဒီလူတွေက အကြမ်းဖက်မှုကို ကျူးလွန်တယ်ဆို ရင် အကြမ်းဖက်မှုဥပဒေနဲ့လည်း အရေးယူရမယ်။ နောက်တစ်ချက်က နိုင်ငံတာ်စားရိတ်နဲ့ တည်ထောင်ထားတဲ့ အစိုးရတစ်ရပ်က အကာအကွယ်မဲ့တဲ့ ပြည်သူတွေကို ပြန်သတ်နေရင် သည်ဟိတ်မြို့က နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုလို့ရတယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ အစိုးရတစ်ရပ်လို့ ကြေညာထားပေမယ့် တိုင်းသူပြည်သားတွေကို ကာကွယ်ရမယ့်အစား အစိုးရဦးစီးတဲ့ လူသတ်မှုတွေကို ကျူးလွန်နေတာဟာ နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ ရာဇဝတ်ကောင်တွေအဖြစ် ဖမ်းဝရမ်းထုတ် ပြစ်ဒဏ်စီရင်သင့်နေပြီလို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်ငြိမ်းသစ်ကလည်း ပဇီကြီးလေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ဟာ လူသားဖြစ်တည်မှုကို ကျူးလွန်တဲ့ရာဇဝတ်မှုဖြစ်တယ်လို့ ဝေဖန်တာပါ။

“ ရွာထဲက သာမန်အရပ်သားတွေကို ပါနေတာပါ။ ဒီအချိန်ဒီကာလမှာ အကုန်ကျပ်တည်းနေတာဆိုတော့ ထမင်းကျွေးရင်တော့ လာစားကြမှာပဲ။ တမင်းကျွေးတာကို ဘာကြောင့်ဗုံးလာကြဲရတာလဲဆိုတာ အကြမ်းဖက်အုပ်စုကို ပြန်မေးချင်တာပါပဲ။ ထမင်းစားတာအပြစ်လားပေါ့။ သတ္တိရှိရင်လက်နက် ကိုင်အချင်းချင်း တိုက်ကြပေါ့။ သာမန်အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ထိ ပါးလာပြီဆိုရင် အဲဒီစစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားဖြစ်တည်မှုကို ဖောက်ဖျက်နေတဲ့ရာဇဝတ်မှုပါပဲ။ ဒေသခံတစ်ယောက်က ကျွန်မကိုပြောတယ်။ လသားအရွယ်ကလေးငယ်တွေ သေတဲ့အထဲပါသွားတယ်တဲ့။ တိုင်းပြည်အနာဂတ်ကလေးငယ်တွေ ပါသွားတာဟာ ဘယ်ဘက်ကဖြစ်ဖြစ် ဝမ်းနည်းစရာပါ။ အကြမ်းဖက်အဖွဲ့က ယုတ်မာတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ပြည်သူတွေကို သူတို့ဘက်က ဘယ်လိုကာကွယ်ပေးရမလဲပဲ စဉ်းစားစေချင်တယ်။ မလိုအပ်တဲ့နေရာမှာ ဘာမှမလုပ်ဖို့ပါပဲ။ ပြည်သူကို ကျွေးမွေးချင်တယ်ဆိုရင် ဒီလိုပွဲလုပ်မှမဟုတ်ဘူး။ ဒီလိုအချိန်အခြေအနေမှာ ပွဲလုပ်ပြီးကျွေးတာမဟုတ်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျွေးလို့ရတဲ့ အခြေအနေမျိုးကို စဉ်းစားပြီး ဆောင်ရွက်စေချင်တယ်” လို့ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ဒေါ်ခင်ငြိမ်းသစ်က ပြောပါတယ်။

စစ်ကောင်စီကတော့ ပဇီကြီးတိုက်ခိုက်မှုကို သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝန်ခံထားပေမယ့် တိုက်ခိုက်မှုဖြစ်စဉ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိုလှောင်ထားတဲ့မိုင်းတွေကြောင့် သေဆုံးမှုများပြားခဲ့တာလို့ ဝါဒဖြန့်တာတွေ ရှိနေတာပါ။

စစ်ကောင်စီရဲ့ အပြစ်မဲ့အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ စစ်ရာဇဝတ်မှုတွေအပါအဝင် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လုံးဝလက်ခံခွင့်လွှတ်မှာ မဟုတ်ဘဲ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.