မော်လမြိုင် – ဧပြီ(၁၄)

မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ်ဖိနှိပ်ခဲ့တဲ့ လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိစေဖို့ ရရာနည်းလမ်းနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဗြိတိန်သံအမတ်ကြီး Ms. Barbara Woodward ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်အမြဲ တမ်း ကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်း ပြုလုပ်တဲ့ ပဇီကြီးကျေးရွာ ကိစ္စသတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောခဲ့တာပါ။

“လုံခြုံရေးကောင်စီအနေနဲ့ ဒီလိုလုပ်ဆောင်နိုင်ခြင်းမရှိသေးတဲ့အတွက် စိုးရိမ်ကြောင်းနဲ့ စစ်တပ်က မြန်မာပြည်သူတွေအပေါ်ဖိနှိပ်တဲ့ လုပ်ရပ်အားလုံးအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ ရရာနည်း လမ်းနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ ဗြိတိန်သံအမတ်ကြီး Ms. Barbara Woodward က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်တာဖြစ်ပြီး ဒီပြစ်မှု အတွက် ဘယ်လိုမှ ခုခံချေပနိုင်တဲ့ အကြောင်းအရင်းမရှိသလို လုံခြုံရေးကောင်စီအနေနဲ့ ဒီတိုက်ခိုက် မှုကို ရှုတ်ချကန့်ကွက်ဖို့နဲ့ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် ၂၆၆၉​ ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တောင်းဆိုရမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

အခုပြစ်မှုကျူးလွန်တာဟာ စစ်ကောင်စီဘက်က ပထမဆုံးအကြိမ်မဟုတ်ဘဲ ကျူးလွန် ခဲ့တဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြော ပါတယ်။

“မြန်မာစစ်တပ်ရဲ့ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ ရာဇဝတ်မှုတွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသား မျိုးနွယ်တွေအပေါ်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေဆိုတာ ရှင်းပါတယ်” လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

လက်ရှိ လက်ခံရရှိထားတဲ့ သတင်းအချက်အလက်တွေအရ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကြောင့် ရွာသူရွာသား (၁၆၈) ဦးအသက်သေဆုံးခဲ့ရပြီး (၆) လသားအပါအဝင် (၃၅) ဦးဟာ ကလေး သူငယ်တွေဖြစ်ကာ အမျိုးသမီး (၂၇) ဦးပါဝင်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါ တယ်။

လူရာနဲ့ချီသေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကို စစ်တပ်က ကျူးလွန်တယ်လို့ ဝန်ခံ ခဲ့သလို ကလေးငယ်တွေနဲ့အတူ လက်နက်မဲ့ ပြည်သူတွေအပေါ် သူရဲဘောကြောင်စွာ တိုက်ခိုက် ခဲ့တာကိုလည်း အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ ဗြိတိန်သံအမတ်ကြီးက သတင်းစာရှင်းလင်း ပွဲမှာ ပြောခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.