မော်လမြိုင် – ဧပြီ(၁၄)

စစ်ကောင်စီကျင်းပနေတဲ့ သွေးစွန်းသင်္ကြန်မှာ ပူးပေါင်းခဲ့တဲ့ အနုပညာရှင်တွေဖြစ်တဲ့ ပိုင်တံခွန်၊ G Fatt၊Floke Rose အပါအဝင် ပူးပေါင်းသူအားလုံးကို ဆန့်ကျင်ကြဖို့ပြည်သူတွေကြားလှုံဆော်မှု တွေမြင့်တက်လာပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၃) ရက် သင်္ကြန်အကြိုနေ့က စစ်ကောင်စီနေပြည်တော် စစ်ရုံးချုပ်(ကြည်း၊ရေ၊လေ) မဏ္ဍပ်မှာသူတို့တွေဟာ ပြည်သူတွေရဲ့ ဆန့်ကျင်မှုနဲ့ ရင်ဆိုင်နေရတဲ့ အဆိုတော်ယုန်လေးနဲ့အတူ သွားရောက်ပူး ပေါင်းခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီမဏ္ဍပ်မှာ သွားရောက်ဖျော်ဖြေခဲ့ကြတဲ့ အနုပညာရှင်တွေရဲ့ လူမှုကွန်ရက်အကောင့်တွေကို Unfollow လုပ်ပြီး သပိတ်မှောက်ဖို့ လှုံဆော်တာတွေရှိနေသလို Comment မှာလည်း မှတ်ချက်ပေးပြီး ကန့်ကွက်တာတွေလည်းရှိနေပါတယ်။

“ပြည်သူတွေကို နေ့စဉ်သတ်ဖြတ်နေတဲ့ သူတွေနဲ့သွားရောက်ပူးပေါင်း တာတော့လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ ဖက်ခွက်စားဆိုတဲ့ စကားက သူတို့နဲ့မှထိုက်တန်တာ ဘယ်သူတွေက ပြည်သူ့ဘက်တော် သားဆိုတာ ခွဲခြားပြပေးလိုက်တာပါပဲ” လို့ သရုပ်ဆောင်ပိုင်တံခွန်ရဲ့ အမာခံ ပရိသတ်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ သရုပ်ဆောင်ပိုင်တံခွန်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့က သပိတ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့အတွက် ၅၀၅(က)နဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ပရိသတ်အားပေးမှု ပိုမိုမြင့်တက်လာသူ တစ်ဦး ဖြစ်ပြီး ထောင်ထဲက ပြန်ထွက်လာချိန်မှာလည်း စစ်ကောင်စီနဲ့ ပူးပေါင်းထားသူတွေရဲ့ ကြော်ညာတွေကို လက်ခံရိုက်ကူးပေးနေသူတစ်ဦးဖြစ်ပါတယ်။ အဆိုတော် G Fatt ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ သီချင်းဆိုထားတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်နေရာကနေ ပြီးခဲ့တဲ့ မတ်လနောက်ဆုံးပတ်က စစ်ကောင်စီ လက်အောက်ကို ခံဝန်ထိုးပြီးပြန်လည်ဝင်ရောက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ “ G Fatt ကို ကျွန်တော်တို့ ဒီလိုလုပ်လိမ့်မယ်လို့ မထင်ထားပါဘူး။ သူ့သီချင်းတွေကို လုံးဝနားထောင် တော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒုက္ခရောက်နေတဲ့အချိန်မှာ စစ်တပ်နဲ့ပူးပေါင်းခဲ့တဲ့ သူတွေကို ပြည်သူတွေဘာလုပ်နိုင်တယ်ဆိုတာ ပြရမယ့်အချိန်ရောက်ပြီလို့ပြောချင်ပါတယ်” လို့ G Fatt ရဲ့ ပရိသတ်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်တပ်မဏ္ဍပ်မှာ ဖျော်ဖြေခဲ့တဲ့နောက် ဝေဖန်မှုတွေ မြင့်တက်လာတဲ့အတွက် သရုပ်ဆောင် ပိုင်တံခွန်ကတော့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကို အသုံးမပြုတော့ဘဲ ပိတ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.