ကန့်ဘလူ – ဧပြီ(၁၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူတွေ အစုံအလိုက် အပြုံအလိုက် သေဆုံးမှုအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ အာဆီယံဥက္ကဋ္ဌက သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်တဲ့ ပဇီကြီးကျေးရွာမှာ ဧပြီ (၁၁) ရက်နေ့ မနက်အစောအပိုင်းက ပ.က.ဖ ရုံးဖွင့်ပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီ လေတပ်ကနေ Jet Fighter ၊ Mi 35 အမျိုးအစား တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ လာရောက် ပစ်ခတ်ခဲ့တာပါ။
ဒေသခံပြည်သူဒါဇင်နဲ့ချီသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ကို အာဆီယံကပြင်းထန်စွာရှုတ်ချခဲ့သလို အရပ်သားတွေအပေါ် အင်အားသုံး အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ပဇီကြီးကျေးရွာ ဖြစ်စဉ်မှာ ကလေးသူငယ်၊သက်ကြီး ရွယ်အိုနဲ့ အမျိုးသမီးတွေအပါအဝင် သေဆုံးသူ (၁၀၀) ကျော်အထိ ရှိလာတယ်လို့ မြေပြင် သတင်းအချက်အလက်တွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအဖြေရှာဖွေဖို့ အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေဖန်တီးဖို့ တခုတည်းဖြစ်သလို မြန်မာ့အကျပ်အတည်းကိုအဖြေရှာဖို့အတွက်လည်း အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အပြည့်အဝအကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက လည်း ပြစ်တင်ရှုတ်ချထားပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းမှု ချက်ချင်းရပ်တန့်ဖို့ အရေးတကြီးလိုအပ်နေပြီ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ASEAN/ CJ