သရက်ချောင်း၊ ဧပြီ(၁၂)
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဝင်ရောက်လာတာကြောင့် ဒေသခံ ၃၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၁၁ ရက်နေ့ မနက်ပိုင်းကစပြီး တပ်အင်အား ၆၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သင်ကျွန်းရွာလမ်းကနေ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်းဝင်ရောက်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဧပြီ၁၀ရက်နေ့မှာလည်း ကျောက်လှေကားကျေးရွာအတွင်း ဝင်ရောက်ပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့သလို ဧပြီ(၁၁)ရက်နေ့မှာလည်း တောင်ပျောက်တိုက်နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်း ထပ်ထိုးနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ကျောက်လှေကား၊ ရှယ်တောင်၊ ကြက်စာပြင်၊ ဒေါက်ရွာတွေ က ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသလို အများစုဟာ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘဲ စစ်ရေးအခြေအနေ ပိုမိုတင်းမာနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၉ ရက်နေ့က သရက်ချောင်းမြို့နယ် စောဖျားကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတစ်ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပြီးနောက် အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ တောင်ပျောက်တိုက်နယ်ထဲ စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲမှာတော့ စစ်တပ်အာဏာသိမ်းပြီးတဲ့ အခုနှစ်ဧပြီလဆန်းပိုင်းအထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ပြည်သူ ၄၀၀၀၀ ကျော်အထိ ရှိလာတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့တွေရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ (ပုံဟောင်းဖြစ်ပါသည်)