မနီလာ – ဧပြီ(၁၂)
အာရှအင်အားကြီး တရုတ်ကို တန်ပြန်ဖို့အတွက် မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ ဖိလစ်ပိုင် တို့ရဲ့ အကြီးမားဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီလ(၁၁) ရက်နေ့မှာ စတင်ခဲ့ ကြတယ်လို့ သိရပါတယ်။
ဘာလီကာတန်လို့ အမည်ပေးထားတဲ့ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုမှာ တပ်ဖွဲ့ဝင် (၁၈,၀၀၀) နီးပါး ပါဝင်ပြီး ဒီတစ်ကြိမ်လေ့ကျင့်မှုဟာ တောင်တရုတ်ပင်လယ်အတွင်း ပထမဆုံး အကြိမ်အဖြစ် လက်တွေ့ပစ်ခတ်တဲ့ လေ့ကျင့်မှု ပါဝင်မှာဖြစ်တဲ့အတွက် တရုတ်ဘက်က စစ်ဆင်ရေး အပြည့် အစုံနီးပါး ပြုလုပ်တာဖြစ်တယ်လို့ ဆိုထားတာပါ။
ဒီစစ်ရေးလေ့ကျင့်မှုဟာ တရုတ်စစ်တပ်ရဲ့ ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ဒီမိုကရေစီ နည်းအရအုပ်ချုပ်တဲ့ ထိုင်ဝမ်ကို ပိတ်ဆို့တာကို ပုံဖော်ထားတဲ့ သုံးရက်ကြာ စစ်ဆင်ရေး ကြောင့်ပေါ်ပေါက်လာတာဖြစ်ပါတယ်။
ဘာလီကာတန်ဟာ ထိုင်ဝမ်ကနေ (၃၀၀) ကီလိုမီတာနီးပါးအကွာမှာရှိတဲ့ အဓိက ကျွန်း လူ့စ်ဇွန် ကျွန်းရဲ့ မြောက်ဘက်စွန်းမှာမှာရှိတဲ့ ဖိလစ်ပိုင် ကျွန်းတစ်ကျွန်းပေါ်မှာ စစ်ရဟတ်ယာဉ်တွေ ဆင်းသက်တဲ့ လေ့ကျင့်မှုတွေပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးရဲ့ မဟာမိတ်ဆက်ဆံရေး ဖျက်သိမ်းပြီးနောက် လက်ရှိ သမ္မတ ဖာဒီနန်မားကိုစ့် လက်ထက်မှာ အမေရိကန်နဲ့ ဆက်ဆံရေးခိုင်မာစေဖို့ ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ကျွန်ုပ်တို့ရဲ့ အချုပ်အခြာပိုင်နယ်မြေကို ကာကွယ်ဖို့အတွက်နဲ့ ကျွန်တော်တို့ဆီက သိမ်းယူ ထားတဲ့ ကျွန်းတစ်ကျွန်းကို ပြန်လည် သိမ်းယူနိုင်မယ့် နည်းလမ်းတွေကို လေ့ကျင့်ဖို့ လိုအပ် ပါတယ်” လို့ ဖိလစ်ပိုင် စစ်ရေးလေ့ကျင့်မှု ပြောခွင့်ရ ဗိုလ်မှူးကြီး မိုက်ကွ် လော့ဂျီကိုက သတင်း ထောက်တွေကို ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ဖိလစ်ပိုင်နဲ့ အမေရိကန်တို့စာ တောင်တရုတ်ပင်လယ်မှာ ပူးတွဲ ရေကြောင်း ကင်းလှည့်မှုတွေကို ပြန်လည်စတင်ဖို့ သဘောတူညီခဲ့ကြသလို ဖိလစ်ပိုင်မှာ တရုတ်ကို ဒေါသထွက်စေတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းကိုလည်း သဘောတူညီ ထားပါတယ်။
ထိုင်ဝမ်နိုင်ငံနဲ့ မဝေးတဲ့ ရေတပ်အခြေစိုက်စခန်းအပါအဝင် သဘောတူညီချက်အရ နောက်ထပ် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်း (၄) ခုကို အမေရိကန်တပ်ဖွဲ့တွေအတွက် အသုံးပြုခွင့်ပေးမှာ ဖြစ် တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲမှာတော့ နှစ်နိုင်ငံတာဝန်ရှိသူတွေဟာ ထိုင်ဝမ် တင်းမာမှုတွေနဲ့ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်လာပါက ဖိလစ်ပိုင်အတွက် ဖြစ်လာနိုင်ခြေရှိတဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး မေးမြန်းမှုကိုတော့ ဖြေဆိုတာမရှိခဲ့ပါဘူး။
တရုတ်နဲ့ နီးကပ်နေတဲ့ နိုင်ငံထဲကို စစ်အခြေစိုက်စခန်း တိုးချဲ့ဝင်ရောက်လာတာကြောင့် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ အမေရိကန်ကို တရုတ်က စွပ်စွဲထားပါတယ်။
“ကမ္ဘာရဲ့အစိတ်အပိုင်းရှိ နိုင်ငံများဟာ မဟာဗျူဟာမြောက် လွတ်လပ်ရေးကို လက်ကိုင်ထားပြီး စစ်အေးခေတ် စရိုက်လက္ခဏာ နှင့် အုပ်စုထိပ်တိုက်ရင်ဆိုင်မှုကို အခိုင်အမာ တွန်းလှန်ရမယ်” လို့ မနီလာမြို့ဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။
Ref: CNA